တွင်းထွက်သယံဇာတကဏ္ဍနှင့် စီးပွားရေးလုပ်ငန်းများတွင် အားလုံးအကျုံးဝင်ပါဝင်မှုဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများ အွန်လိုင်းစကားဝိုင်း - သတင်းစဉ်
You are here Home » သတင်းစဉ် » တွင်းထွက်သယံဇာတကဏ္ဍနှင့် စီးပွားရေးလုပ်ငန်းများတွင် အားလုံးအကျုံးဝင်ပါဝင်မှုဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများ အွန်လိုင်းစကားဝိုင်း

တွင်းထွက်သယံဇာတကဏ္ဍနှင့် စီးပွားရေးလုပ်ငန်းများတွင် အားလုံးအကျုံးဝင်ပါဝင်မှုဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများ အွန်လိုင်းစကားဝိုင်း

ဆွေးနွေးပွဲသို့ MCRB မှ ကိုယ်စားလှယ် (၄) ဦး၊ မသန်စွမ်းသူများအဖွဲ့အစည်း (PDOs) မှ ကိုယ်စားလှယ် (၃) ဦး၊ တွင်းထွက်သယံဇာတကဏ္ဍတွင် လုပ်ကိုင် နေသော အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၃) ဦး တို့ ပါဝင်တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲသို့ MCRB မှ ကိုယ်စားလှယ် (၄) ဦး၊ မသန်စွမ်းသူများအဖွဲ့အစည်း (PDOs) မှ ကိုယ်စားလှယ် (၃) ဦး၊ တွင်းထွက်သယံဇာတကဏ္ဍတွင် လုပ်ကိုင် နေသော အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၃) ဦး တို့ ပါဝင်တက်ရောက်ခဲ့သည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် MCRB မှ အရပ်ဖက်အဖွဲ့အစည်းများနှင့် “တွင်းထွက်သယံဇာတ ကဏ္ဍနှင့် စီးပွားရေးလုပ်ငန်းများတွင် အားလုံးအကျုံးဝင်ပါဝင်မှုဆိုင်ရာ” ပထမဆုံး အွန်လိုင်း စကားဝိုင်း ဆွေးနွေးမှု အစီအစဥ်စီးရီးတွဲကို ကျင်းပခဲ့သည်။

စကားဝိုင်းဆွေးနွေးပွဲသို့ MCRB မှ ကိုယ်စားလှယ် (၄) ဦး၊ မသန်စွမ်းသူများအဖွဲ့အစည်း (PDOs) မှ ကိုယ်စားလှယ် (၃) ဦး၊ တွင်းထွက်သယံဇာတကဏ္ဍတွင် လုပ်ကိုင် နေသော အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၃) ဦး တို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာကြသူများမှာ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှဖြစ်ကြပြီး ၎င်းတို့၏ သက်ဆိုင်ရာဒေသများတွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ မသန်စွမ်းအခွင့်အရေး၊ ကျား၊မရေးရာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြေယာနှင့် သယံဇာတ အခွင့်အရေးများ၊ သတ္တုတွင်းကိစ္စရပ်များ၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းများအတွက် ဦးဆောင်လုပ်ကိုင်လျက်ရှိသော အဖွဲ့အစည်းများဖြစ်ကြပါသည်။

စကားဝိုင်းဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များမှာ -

  • စကားဝိုင်းဆွေးနွေးပွဲမှတဆင့် အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများ၊ အောင်မြင်မှုများ၊ စိန်ခေါ်မှုများကို အပြန်အလှန် လေ့လာဆွေးနွေးနိုင်ရန်။

  • အခြားအဖွဲ့အစည်းများမှ စိန်ခေါ်မှုများအား မည်ကဲ့သို့ ဖြေရှင်းခဲ့သည်ကို သိရှိပြီး မိမိတို့၏ အဖွဲ့အစည်းတွင်လည်း ထိုအတွေ့အကြုံများအား ပြန်လည်အသုံးချနိုင်ရန်။

  • တက်ရောက်လာကြသူများအကြား ရင်းနှီးသည့် ဆက်ဆံရေးတည်ဆောက်နိုင်ရန် နှင့် အချင်းချင်းအပြန်အလှန် အကူအညီများပေးနိုင်ရန်အတွက် ကွန်ယက်များချိတ်ဆက်နိုင်ရန်။ အထူးသဖြင့် မသန်စွမ်းသူများအဖွဲ့အစည်း မှ ကိုယ်စားလှယ်များ နှင့် တွင်းထွက်သယံဇာတ ကဏ္ဍတွင် လုပ်ကိုင် နေသော အရပ်ဖက်အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ အကြား အချင်းချင်းအပြန်အလှန် အကူအညီများပေးနိုင်ရန်အတွက် ကွန်ယက်များချိတ်ဆက်နိုင်ရန်။

ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်သည့် “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစည်းရုံးလှုပ်ဆော်မှု စွမ်းဆောင်ရည်မြှင်သင်တန်း” အား ၂၀၁၉ ခုနှစ်တွင် MCRB မှ Vermont Law School နှင့်အတူ ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်မှုများအပြင် MCRB မှ ဆက်လက်လုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းများတွင်မသန်စွမ်းသူများအကျုံးဝင်ပါဝင်မှုဆိုင်ရာ စည်းရုံးလှုပ်ဆော်မှုတို့အပေါ်အခြေခံပြီးဆွေးနွေးခဲ့ကြပါသည်။

MCRB မှ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်သော မကြာသေးမီက လုပ်ဆောင်ချက်များနှင့် ကဏ္ဍအလိုက်သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း ကဲ့သို့ အဓိကထားလေ့လာမှု၏ နောက်ဆက်တွဲလုပ်ငန်းများ အကြောင်းကိုတင်ပြခဲ့ပါသည်။ အထူးသဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် အများပြည်သူ ပူးပေါင်းပါဝင်မှု၊ မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံးမျိုးကွဲ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာများ၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုမရှိစေရန်ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်မှုများဒစ်ဂျစ်တယ်အခွင့်အရေး၊ ပွင့်လင်းမြင်သာမှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့ အပါအဝင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ဝေခဲ့သော မြန်မာကုမ္ပဏီများအတွက် စီးပွားရေးလုပ်ငန်းကျင့်ဝတ်ဖြောင့်မှန်‌ရေး လက်စွဲစာအုပ် နှင့် မကြာမီ ထွက်ရှိမည့် ၂၀၂၀ ပွင့်သစ် အစီရင်ခံစာ များ အကြောင်းကိုတင်ပြခဲ့ပါသည်။

MCRB မှ အခြားလုပ်ဆောင်နေဆဲဖြစ်သည့် အလားအလာရှိ၍ ဆက်စပ်မှုရှိသော ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများနှင့်  လူ့အခွင့်အရေး ဆိုင်ရာလေ့လာမှုများ၊ အမျိုးသားမြေယာ ဥပဒေကြမ်းရေးဆွဲရေးတွင် ပါဝင်ခြင်းနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အပါအဝင် စီးပွားရေးနှင့် သက်ဆိုင်သော “တရားစီရင်ရေးပြင်ပ ကုစားမှု” ကိုအကောင်အထည်ဖော် ဆောင်ရွက်နေသည့် အစိုးရဌာနများ အတူတကွလုပ်ဆောင်ရန်အတွက် အကြံဥာဏ်များပေးခြင်း တို့ပါဝင်ပါသည်။

ဆွေးနွေးပွဲတွင် Center for Environment and Resources Development in Arakan၊ စစ်ကိုင်းတိုင်းဒေသကြီး မသန်စွမ်းသူများအသင်း၊ တောင်သူလယ်သမားရေး လှုပ်ရှားဆောင်ရွက်သူများ အင်အားစုနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးနှင့် တောင်သူလယ်သမားဖွံ့ဖြိုးရေးအဖွဲ့ (ရှမ်းပြည်) အဖွဲ့တို့မှ ဆွေးနွေးတင်ပြသူများက ၎င်းတို့၏လုပ်ဆောင်မှုများ၊ စိန်ခေါ်မှုများနှင့် အောင်မြင်မှုများကို တင်ပြခဲ့ကြသည်။ ၎င်းတို့ဆွေးနွေးမှုများတွင် အဓိက မီးမောင်းထိုးပြသည့် အကြောင်းအရာများမှာ -

  • ကျောက်ဖြူမြို့ရှိ ရပ်ရွာဒေသခံများက ရေထုညစ်ညမ်းမှုနှင့် အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများ အပေါ်သက်ရောက်မှုသည် ရေနံတင်သင်္ဘောများနှင့် ဆက်စပ်သည်ဟု သံသယရှိခြင်း။
  • အများပြည်သူပူးပေါင်းပါဝင်မှုများအပေါ် ကန့်သတ်ခြင်းများရှိနေသော်လည်း Covid-19 lockdown ကာလတွင် သတ္တုလုပ်ငန်းလိုင်စင်များကို ဆက်လက်၍ ခွင့်ပြုပေးနေခြင်း။
  • တရုတ်ပြည်သို့ လူကုန်ကူးမှုများရှိနေခြင်း။
  • မြေယာသိမ်းယူခြင်းနှင့် သတ္တုဥပဒေနှင့် မြေယာဥပဒေများကို ဒေသခံများမှ အနားလည်မှုအားနည်းနေခြင်း။
  • အစိုးရအရာရှိများနှင့် ပြောဆိုသည့်အခါတွင် ဒေသခံ တိုင်းရင်းသားများအနေဖြင့် ဘာသာစကား အခက်အခဲများရှိခြင်း။
  • လွတ်လပ်စွာကြိုတင်အသိပေးတိုင်ပင်၍ ရယူသည့် သဘောတူညီမှု (FPIC) ကို စနစ်တကျ ကျင့်သုံးခြင်းမရှိသေးသောအချက်နှင့်
  • ရှမ်းပြည်နယ်တွင် တရားမဝင် သစ်ထုတ်လုပ်မှုများ ဆက်လက်ရှိနေခြင်း။

ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) လုပ်ငန်းစဥ်တွင် ပါဝင်ရန် အခက်အခဲများ ဆက်လက်ရှိနေကြောင်းနှင့် ထိုလုပ်ငန်းစဥ်များသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအားနည်းသည်ဟုလည်း ဒေသခံများမှ ခံစားရကြောင်း ပြောဆိုဆွေးနွေးကြပါသည်။ မှတ်ပုံတင်ထားခြင်းမရှိသော အရပ်ဘက်အဖွဲ့အစည်းများသည် EIA လုပ်ငန်းစဥ်များအပါအဝင် အစိုးရတာဝန်ရှိသူများဖြင့် ချိတ်ဆက်ခြင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းများတွင် အခက်အခဲများကြုံတွေ့ရကြောင်းကိုလည်း မှတ်ချက်ပြု တင်ပြဆွေးနွေးခဲ့ပါသည်။

မသန်စွမ်းသူများအဖွဲ့အစည်းများ EIA လုပ်ငန်းစဥ်များနှင့် ပတ်သက်ပြီး အများပြည်သူ ပူးပေါင်းပါဝင် ဆွေးနွေးခြင်းများတွင် ပါဝင်ရန် စိတ်အားထက်သန်မှုရှိကြပြီး၊ EIA လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ ပိုမိုလေ့လာလိုသည့်အတွက် အခြားသူများ၏ ပြောဆိုမှုများကိုလည်း စိတ်ဝင်တစား နားထောင်လိုကြောင်းနှင့် အများပြည်သူ ပူးပေါင်းပါဝင်ခြင်းလပ်ငန်းစဥ်တွင် မသန်စွမ်းသူများ မည်သို့ပါဝင်နိုင်မည် စသည့်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

မသန်စွမ်းသူများသည် များစွာသော နည်းပညာပိုင်းဆိုင်ရာစွမ်းရည် အကန့်အသတ်ရှိသောကြောင့် Covid-19 သည် ၎င်းတို့၏ဆက်သွယ်မှုကို အခက်အခဲဖြစ်စေကြောင်းနှင့် အွန်လိုင်းအစည်းအဝေးပွဲများ စီစဥ်ရန် အခက်တွေ့နေရသည်ဟု မှတ်ချက်ချ ပြောဆိုခဲ့ပါသည်။ မသန်စွမ်းသူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းနှင့် သတင်းအချက်အလက်ရရှိမှု နည်းပါးခြင်းတို့ကိုလည်း ဆက်လက်ကြုံတွေ့နေရကြောင်း တင်ပြခဲ့ပါသည်။

ဆွေးနွေးပြောဆိုသူများမှ အရပ်ဖက်အဖွဲ့အစည်းများ၏ စည်းရုံးလှုပ်ဆော်မှုကြောင့် အောင်မြင်မှု ရရှိခဲ့သော ဥပမာ နှစ်ခုကို မီးမောင်းထိုးပြခဲ့ပါသည်။ ပထမ ဥပမာ အနေဖြင့် လက်ပန်တောင်း ကြေးနီစီမံကိန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော မြန်မာယမ်စီကုမ္ပဏီမှ ယင်းမာပင်မြို့နယ်ရှိ ဝါးစိမ်းတောင်တွင် စမ်းသပ်တူးဖော်ရန် အတွက် ဒေသဆိုင်ရာအစိုးရ၏ ထောက်ခံမှုနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှု ပြုခဲ့ကြပြီး၊ ၎င်းဆန္ဒပြပွဲအပြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ ထိုစီမံကိန်းအား ရုပ်သိမ်းခဲ့ကြောင်း နှင့် ဒုတိတ ဥပမာ အနေဖြင့် ရှမ်းပြည်နယ်တွင် ဒေသခံအသိုင်းအဝိုင်းများမှ ကျေးရွာ၏ သမိုင်းကြောင်းနှင့် ပတ်ဝန်းကျင် အခြေအနေနှင့် ပတ်သက်ပြီးသိရှိနိုင်စေရန်အတွက် CSOs များ၏အကူအညီဖြင့် ဓလေ့ထုံးတမ်းဆိုင်ရာ မြေပုံရေးဆွဲခြင်းများကို ကြိုတင်ပြုလုပ်ခဲ့သည်။ ထို့အပြင် ၎င်းဒေသခံများမှာ အာဏပိုင်များနှင့် စကားပြောသောအခါ ကိန်းဂဏန်းနှင့် အချက်အလက်များကို ရှင်းလင်းစွာ စနစ်တကျ ဖော်ပြနိုင်ရန်နှင့် သက်ဆိုင်ရာဥပဒေများမှ အချို့သောပုဒ်မများကို နားလည်သဘောပေါက်ပြီး ဆွေးနွေးမှုများတွင် အသုံချကြရန် သေချာစွာဆောင်ရွက်ခဲ့မှုကြောင့် စီမံကိန်းကြောင့် သိမ်းဆည်းလုနီးပါဖြစ်နေသော ဒေသရှိ ဓလေ့ထုံးတမ်းမြေ ဧကပေါင်း ၅၀၀၀ နီးပါးကို ပြန်လည်ရယူ ထိန်းသိမ်းနိုင်ခဲ့ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

MCRB သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ဒုတိယအကြိမ် အွန်လိုင်း စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရန် စီစဥ်ထားသောကြောင့် စိတ်ပါဝင်စားပြီး ပါဝင်လိုသော အခြားအရပ်ဖက်အဖွဲ့အစည်းများကိုလည်း ကြိုဆိုပါသည်။

ပိုမို သိရှိလိုပါက ခင်မို့မို့မြင့်ကို ဆက်သွယ်ပါ။


© 2024 Myanmar Centre for Responsible Business