လုပ်ငန်းခွင် စိတ်ကျန်းမာရေး - Useful Resources
You are here Home » Useful Resources » လုပ်ငန်းခွင် စိတ်ကျန်းမာရေး

လုပ်ငန်းခွင် စိတ်ကျန်းမာရေး

အလုပ်နှင့်ဆက်စပ်နေသော စိတ်ဖိစီးမှုသည် ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများကို ဖြစ်စေသော အဓိက အကြောင်းအရင်းတစ်ရပ် ဖြစ်သောကြောင့် ဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်းအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိနိုင်ပါသည်။

နာမကျန်းမှုကြောင့် ဝန်ထမ်းများ အလုပ်ပျက်ကွက်ခြင်း၊ ဝန်ထမ်း အလုပ်ထွက်နှုန်း မြင့်မားလာခြင်းနှင့် အလုပ်ပြီးမြောက်မှုနှုန်း လျော့ကျလာခြင်းနှင့် မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခြင်းတို့ကြောင့် အဖွဲ့အစည်း၏ စွမ်းရည်ကျဆင်းလာခြင်းကိုလည်း ဖြစ်လာစေနိုင်ပါသည်။ အလုပ်နှင့်ဆက်စပ်နေသော စိတ်ဖိစီးမှုကြောင့် ဝန်ထမ်းများအနေဖြင့်လည်း နှလုံးရောဂါ၊ ခါးနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာများ၊ အသေးစားနာမကျန်းမှုများ စသည့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုးကျိုးများကို ခံစားရနိုင်သကဲ့သို့ စိတ်မောပန်းခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်း၊ အာရုံစူးစိုက်နိုင်မှု ပျောက်ဆုံးခြင်းနှင့် ဆုံးဖြတ်နိုင်မှုအားနည်းလာခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကိုလည်း တွေ့ကြုံခံစားရနိုင်ပါသည်။

သမားရိုးကျ အလုပ်နှင့် ဆက်စပ်နေသော စိတ်ဖိစီးမှုများအပြင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် စီးပွားရေးမတည်ငြိမ်မှုတို့သည် စိတ်ဖိစီးမှု ပိုမိုမြင့်တက်လာစေနိုင်သည့် အကြောင်းအရင်းအမြစ်များ ဖြစ်လာကြသည်။ လက်ရှိ ခက်ခဲ၍ စိန်ခေါ်မှုများသော ကာလတစ်လျှောက်တွင် ဝန်ထမ်းများအား ပံ့ပိုးကူညီပေးခြင်းသည် ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများ၏ ကျန်းမာသုခ (wellbeing) အတွက် အရေးကြီးသကဲ့သို့  စီးပွားရေးလုပ်ငန်းများ ဆက်လက်ရှင်သန်နိုင်ရေး အတွက်လည်း အလွန်အရေးကြီးလာပါသည်။

စီးပွားရေးလုပ်ငန်း‌များအနေဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းခွင်တွင် စိတ်ကျန်းမာရေးအတွက် အချိန်ကြာမြင့်စွာယူရန်မလိုသော၊ ကုန်ကျစရိတ်မများသော သေးငယ်သည့် ပြောင်းလဲမှု နည်းလမ်းများစွာ ကိုလုပ်ဆောင်နိုင်ပါသည်။ သြစတြေးလျနိုင်ငံအခြေဆိုက် Black Dog Institute မှ ကုမ္ပဏီများအတွက် ဝန်ထမ်းများ၏ လုပ်ငန်းခွင်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမည့် နည်းလမ်း (၆) သွယ်ကို ဖော်ပြထားပါသည်။

  1. ဝန်ထမ်းများ အတွက် ပြောင်းလွယ်ပြင်လွယ်သော အလုပ်ချိန်သတ်မှတ်ခြင်း၊ လုပ်ငန်းများအား မည်သို့ဆောင်ရွက်မည်ဟု ဆုံးဖြတ်ရာတွင် ဝန်ထမ်းများအား ပါဝင်ခွင့်ပေးခြင်း၊ ဝန်ထမ်းများ၏ အလုပ်ဝန်ကို စောင့်ကြည့်ခြင်း၊ လုံခြုံမှုရှိပြီး ဝန်ထမ်းများအား အလုပ်တွင် စိတ်ပါဝင်စားစေမည့် လုပ်ငန်းခွင်တစ်ခု ဖန်တီးခြင်းစသည့် smart work design တစ်ခု ဖန်တီးလုပ်ဆောင်ခြင်း။
  2. အန္တရာယ်များသော အလုပ်ကို လုပ်ကိုင်နေသူများအတွက် စိတ်ဖိစီးမှု စီမံခန့်ခွဲခြင်းနှင့် စိတ်ခံနိုင်ရည်ရှိစေရန် သင်တန်းများ ပံ့ပိုးပေးခြင်း၊ ရလဒ်အထောက်အထားကို အခြေခံသော စိတ်ကုထုံး (evidence-based psychotherapy) ကိုအသုံးပြုခြင်း၊ နေ့လယ်စာစားချိန် ယောဂလုပ်ခြင်း၊ ဖြေးဖြေးပြေးခြင်း သို့မဟုတ် တရားထိုင်ခြင်းကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်လာနိုင်စေရန် အခွင့်အလမ်းများပေးခြင်း၊ အားပေးခြင်းဖြင့် ဝန်ထမ်းများအကြား တစ်ဦးချင်းဆီတိုင်း စိတ်ဓာတ်ကြံ့ခိုင်မှုရှိရန် တည်ဆောက်ခြင်း။
  3. အဖွဲ့တစ်ဖွဲ့လုံးအား စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ စိတ်ကျန်းမာရေး မြှင့်တင်ရေးတွင် အကြီးတန်းဝန်ထမ်းများ ပါဝင်စေခြင်းနှင့် အနိုင်ကျင့်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းတို့ကို လုံးဝသည်းမခံသည့် စိတ်ကျန်းမာရေးမူဝါဒကို အကောင်အထည်ဖော်ခြင်းဖြင့် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ယဉ်ကျေးမှုကို တည်ဆောက်ခြင်း။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဝန်ထမ်များတွင် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကြောင့် ဖြစ်သော ကြောက်စိတ်၊ ရှက်စိတ် (stigma) ကိုလျှော့ချရာတွင် အထောက်အကူပြုမည်ဖြစ်ပြီး ၎င်းတို့၏ ပြဿနာများအား ပွင့်ပွင့်လင်းလင်းပြောပြနိုင်ရန်၊ အကူအညီရယူနိုင်စေရန် အတွက် အားပေးတိုက်တွန်းနိုင်မည် ဖြစ်သည်။
  4. စိတ်ကျန်းမာရေး အသိပညာ တိုးပွားစေရန် ရုံးတွင်း သို့မဟုတ် ကုမ္ပဏီတွင်း သီးသန့်သုံးနိုင်သော အင်ထရာနက် ပေါ်တွင် စိတ်ကျန်းမာရေးပိုင်းဆိုင်ရာ သတင်းအချက်အလက်များအား ဝန်ထမ်းများ လက်လှမ်းမီစေရန် ထားရှိပေးခြင်း၊ လုပ်ငန်းခွင်အတွင်း စိတ်ပိုင်းဆိုင်ရာ ကျန်မာရေးအကြောင်း လွပ်လပ်စွာ ပြောဆိုဆွေးနွေးရန် အားပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေး အစီအစဉ်များ ဆောင်ရွက်ခြင်းနှင့် မတက်မနေရ သင်တန်းများ ထားရှိခြင်း။
  5. စီမံအုပ်ချုပ်သူများမှ ဝန်ထမ်းများ စိတ်ဝေဒနာနှင့် စိတ်ဖိစီးမှုဖြစ်စေသော ဘဝအတွေ့အကြုံ ဖြစ်ရပ်များမှ ပြန်လည်သက်သာကောင်းမွန်လာစေရန် အတွက် အထောက်အကူပေးနိုင်ရန် စီမံအုပ်ချုပ်သူများအတွက် သင်တန်းများ ပံ့ပိုးပေးခြင်း၊ ဖျားနာပါက သင့်တင့်လျောက်ပတ်သော ခွင့်ရက်ရယူနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ တာဝန်နှင့် အလုပ်အချိန်ဇယားများကို သင့်လျော်သလို ပြင်ဆင်ခြင်း၊ အနိုင်ကျင့်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်း ကင်းသော ပံ့ပိုးကူညီသည့် ပတ်ဝန်းကျင် တစ်ရပ် ဖော်ဆောင်ခြင်းဖြင့် စိတ်ဝေဒနာ ခံစားနေရသော ဝန်ထမ်းများ ပြန်လည်ကောင်းမွန်လာစေရန် ပံ့ပိုးကူညီပေးခြင်း။
  6. စောလျှင်စွာ ကုသခြင်း (early intervention) သည် စိတ်ကျန်းမာရေးအခြေအနေ ပြင်းထန်လာမှု ရှိ၊မရှိ အပေါ် အရေးပါသော သက်ရေက်မှုရှိပါသည်။ ဝန်ထမ်းများအား စောလျှင်စွာ အကူအညီတောင်းရန် တိုက်တွန်းအားပေးသင့်ပြီး ဝန်ထမ်းများ အလုပ်မှ ခွင့်ရက် အနားယူလိုပါက သို့မဟုတ် ပရော်ဖက်ရှင်နယ် တစ်ဦးဦး ၏ အကူအညီ ရယူလိုပါက သင့်လျော်သော ပံ့ပိုးကူညီမှု ပေးသင့်သည်။

Counselling Corner မှ လည်းစိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စွာ ရပ်တည်နိုင်စေရန် အတွက် အကြံပြုချက် (၁၀) ချက်ပါသည့် စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေး နံရံကပ်ပိုစတာ နှစ်ခု ကို ထုတ်ဝေထားပါသည်။

MCRB မှ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုအထောက်အပံ့ လွှဲပြောင်းညွှန်းပို့လမ်းညွှန် အားအခြေခံ၍ စိတ်ကျန်းမာရေးနှင့် နှစ်သိမ့်ဆွေးနွေးအဖြေရှာခြင်း ဝန်ဆောင်မှုများ (mental health and counselling services) စာရင်းအားပြုစုထားပါသည်။ အချို့ဝန်ဆောင်မှုများမှာ အခကြေးငွေပေးရသော ဝန်ဆောင်မှုများ ဖြစ်သော်လည်း အချို့ဝန်ဆောင်မှုများမှာ အခမဲ့ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ စိတ်ကျန်းမာရေးနှင့် နှစ်သိမ့်ဆွေးနွေးအဖြေရှာခြင်း ဝန်ဆောင်မှုများ

Call Me Today

Call Me Today

Call Me Today သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော စိတ်ကျန်းမာရေး ဆွေးနွေးခြင်း ဖုန်းလိုင်း ဖြစ်ပါသည်။ စိတ်ကျန်းမာရေးနှင့် စိတ်ခံနိုင်ရည်ဆိုင်ရာ အရင်းအမြစ်များနှင့် အကြံပြုချက်များကို Call Me Today ၏ ဖေ့ဘုတ်စာမျက်နှာ တွင်မျှဝေထားပါသည်။ အခြား အရင်းအမြစ်များကိုလည်း ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်။ Call Me Today မှ မိဘနှင့်သားသမီး၊ အပေါင်းအသင်းနှင့် မိမိချစ်ရသူတို့နှင့် သက်ဆိုင်သော ဆက်ဆံရေးပြသနာများ အတွက် နှစ်သိမ့်ဆွေးနွေး အဖြေရှာခြင်း (relationship counselling)၊ LGBT ရေးရာနှင့်ပတ်သက်သော နှစ်သိမ့်ဆွေးနွေးအဖြေရှာခြင်း (LGBT counselling)၊ စိတ်လူမှုဆိုင်ရာ နှစ်သိမ့်ဆွေးနွေး အဖြေရှာခြင်း (psychosocial counselling)၊  စိတ်ဒဏ်ရာကြောင့် ထိခိုက်ခံစားနေရသူများ အတွက် နှစ်သိမ့်ဆွေးနွေး အဖြေရှာခြင်း (trauma counselling)၊ ဆေးအကူအညီ အပါအဝင် စိတ်ကျန်းမာရေးဆိုင်ရာ အကြံပေးခြင်း (psychiatric counselling) နှင့် Telegram မှတစ်ဆင့် စာပို့၍ နှစ်သိမ့်ဆွေးနွေးအဖြေရှာခြင်း (Telegram text counselling) အစရှိသည့် ဝန်ဆောင်မှုများ ရယူနိုင်ပါသည်။ ထို့အပြင် စိတ်ကျန်းမာရေးနှင့် စိတ်လူမှုအထောက်အပံ့ပေးခြင်း ဆိုင်ရာသင်တန်းများ၊ ကော်ပိုရိတ်သင်တန်းများ၊ အဖွဲ့အစည်များ၊ လုပ်ငန်းများ ၏ ဝန်ထမ်းများ၏  စိတ်ကျန်းမာသုခ (mental wellbeing) အတွက် ဝန်ဆောင်မှုများ နှင့် စိတ်ကျန်းမာရေး အွန်လိုင်းလှုပ်ရှားမှုများ စသည့် အခြားသော ဝန်ဆောင်မှုများလည်း ပေးလျက်ရှိပါသည်။

Citta Consultancy

Citta Consultancy

Citta Consultancy သည် မြန်မာပြည်သူများ အတွက် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးအတိုင်ပင်ခံ ဝန်ဆောင်မှုများ၊  ကျန်းမာသုခ အစီအစဉ်များကို စီစဥ်လုပ်ဆောင် ပေးလျက်ရှိပါသည်။ စိတ်ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကိုလည်း ၎င်းတို့၏ ဖေ့ဘုတ်စာမျက်နှာ တွင်မျှဝေထားပါသည်။ Citta Consultancy မှ နှစ်သိမ့်ဆွေးနွေး အဖြေရှာခြင်း၊ ဝန်ထမ်းများအား အကူအညီပေးသော အစီအစဉ် (employee assistance program)၊ စိတ်ကျန်းမာရေး စစ်ဆေးခြင်း (mental health check-up)၊ ကလေးမမွေးမီနှင့် မွေးဖွားပြီး အချိန်အတွက် စိတ်ကျန်းမာရေး ဝန်ဆောင်မှု (perinatal mental health) ၊ Khitthit Academy၊ အလုပ်ရုံဆွေးနွေးပွဲများ စသည့် ဝန်ဆောင်မှုများလည်း ပေးလျက်ရှိပါသည်။

Counselling Corner

Counselling Corner

Counselling Corner ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အများပြည်သူတို့ စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေ၍ ဘဝတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာအမျိုးမျိုးကို ကျော်လွှားနိုင်ရန် နှစ်သိမ့်ဆွေးနွေး အဖြေရှာခြင်းအား ကျယ်ကျယ်ပြန့်ပြန့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ Counselling Corner သည် တစ်ဦးချင်းစီ ဆွေးနွေးခြင်း၊ ချစ်သူရည်းစား အိမ်ထောင်ဖက်များ ဆွေးနွေးခြင်း၊ မိသားစု နှင့် အဖွဲ့လိုက် ဆွေးနွေးခြင်းများ အတွက် အတိုင်ပင်ခံဝန်ဆောင်မှုများကို ပေးလျက်ပါသည်။ ထို့ပြင် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တိုင်း ညနေ ၆း၀၀ နာရီ မှ ၈း၀၀ နာရီအချိန် အတွင်း Counselling Corner မှ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ပတ်သက်သော ဝက်ဘီနာများနှင့် ခံစားချက်ပိုင်းဆိုင်ရာ ကျန်းမာသုခ (emotional wellbeing) အတွက် အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ပြုလုပ်ပေးပါသည်။ စိတ်ပိုင်းဆိုင်ရာ ပညာရှင် မဟုတ်သော်လည်း စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ပေးနိုင်သူ (counsellor) ဖြစ်သင်တန်းများအပေါ် စိတ်အားထက်သန်သူများအတွက် အခြေခံ၊ အလယ်အလတ် နှင့် အဆင့်မြင့် ဟူ၍ နာရီ ၂၀ ကြာမြင့်သော သင်တန်းအစီအစဥ်များအား ပံ့ပိုးပေးနေပါသည်။ Counselling Corner သည် အများပြည်သူ၏ စိတ်ကျန်းမာသုခ အား ကာကွယ်ရန်နှင့် မြှင့်တင်ရာတွင် အားကောင်းသော စိတ်ကျန်းမာရေးနှင့် စွမ်းဆောင်ရည်များ တိုးတက်စေရန်အတွက် ကူညီပေးရန် ရည်ရွယ်ပါသည်။

Honest Hour

Honest Hour

Honest Hour သည် ကျန်းမာသုခ ဆိုင်ရာ ဝန်ဆောင်မှုများအား ပေးလျက်ရှိပါသည်။ ထိုဝန်ဆောင်မှုများသည်  စိတ်သောကနှင့် ခံစားချက်ပိုင်းဆိုင်ရာ အခက်အခဲ ကြုံတွေ့နေသူများ အတွက် ကိုယ်တိုင် စီမံခန့်မှု (self-management) ပိုမိုအားကောင်းလာစေရန်၊ သတိပိုမိုရှိစေသော အလေ့အကျင့်များ (mindfulness practices) တိုးတက်လာစေရန်၊ ဘက်ပေါင်းစုံမှ စောင့်ရှောက်သော ကျန်းမာသုခ ဆိုင်ရာ ဝန်ဆောင်မှုများပေးရန် ဖြစ်ပါသည်။ စိတ်ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို ၎င်းတို့၏ ဖေ့ဘုတ် စာမျက်နှာ တွင်လည်း မျှဝေထားပါသည်။ Honest Hour မှ နှစ်သိမ့်ဆွေးနွေး အဖြေရှာခြင်း ဝန်ဆောင်မှုများ၊ ဝန်ထမ်းများအား အကူအညီပေးသော အစီအစဥ် – ကော်ပိုရိတ် ဝန်ဆောင်မှုများ၊ ခံစားချက်ပိုင်းဆိုင်ရာ အကူအညီပေးသော အစီအစဥ်များ၊ စိတ်ကျန်းမာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ ဝက်ဘီနာများနှင့် သင်တန်းများ စသည့် ဝန်ဆောင်မှုများအား ပေးလျက်ရှိပါသည်။

Marble Psychological Services

Marble Psychological Services

Marble သည် မြန်မာနိုင်ငံရှိ လူ့အသိုက်အဝန်း၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသုခ အတွက် ရည်ရွယ်သော ထိပ်တန်း စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ Marble မှ လူကြီးများ၊ ကလေးသူငယ်များနှင့် အဖွဲ့အစည်းများအတွက် စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ အပြည့်အဝ ဆောင်ရွက်ပေးလျက်ရှိပါသည်။ Marble မှ လူကြီးများအတွက် တစ်ဦးချင်းစီ ဆွေးနွေးခြင်း၊ ချစ်သူရည်းစား အိမ်ထောင်ဖက်များနှင့် ဆွေးနွေးခြင်း၊ မိသားစုဆွေးနွေးခြင်း ကဲ့သို့သော ဝန်ဆောင်မှုများကို ပေးဆောင်ပါသည်။ ကလေးသူငယ်များအတွက် တစ်ဦးချင်းကုထုံး၊ မိဘများအား အထောက်အပံ့ပေးခြင်း၊ အပြင် လုပ်ငန်းခွင် စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်ခြင်း (psychometric assessment) စသည့် ဝန်ဆောင်မှုများလည်းပေးပါသည်။ ထို့ပြင် Marble မှ အဖွဲ့အစည်းများ၏ ဝန်ထမ်းများအား အကူအညီပေးသော အစီအစဥ်များ၊ စိတ်ဖိစီးမှု နှင့် ဆိုင်သော သင်တန်းနှင့် အတိုင်ပင်ခံ ဝန်ဆောင်မှုများ၊ ကျန်းမာသုခ နှင့် စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ပေးလျက်ရှိပါသည်။

Metanoia

Metanoia

Metanoia သည် စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆိုင်ရာ ပံ့ပိုးကူညီမှုများအား အဓိက ပေးသော ပရော်ဖက်ရှင်နယ် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ Metanoia ၏ အခြားသော အရင်းအမြစ်များကို ဝက်ဘ်ဆိုက်တွင် လေ့လာ ဖတ်ရှုနိုင်ပါသည်။ Metanoia မှ ဆေးအကူအညီ အပါအဝင် စိတ်ကျန်းမာရေး ဆိုင်ရာ ပံ့ပိုးကူညီခြင်း (psychiatric services)၊ စိတ်ကုထုံး (psychotherapy)၊ စိတ်ပိုင်းဆိုင်ရာ ပညာရှင် မဟုတ်သော်လည်း စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးနိုင်သူများက နှစ်သိမ့်ဆွေးနွေး အဖြေရှာခြင်း  (lay counselling)၊ စိတ်အခြေအနေအကဲဖြတ်ခြင်း (psychological assessment)၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အဖွဲ့အစည်းများအတွက် အတိုင်ပင်ခံဝန်ဆောင်မှု စသည့် ဝန်ဆောင်မှုအမျိုးမျိုးကို ရရှိနိုင်ပါသည်။ Metanoia ၏ “ခံစားချက်လေးများ” ကူညီပေးရေးဖုန်းလိုင်း မှတစ်ဆင့် ခံစားချက်ပိုင်းဆိုင်ရာ အထောက်အပံ့များလည်း ပေးလျက်ရှိပါသည်။ ထိုကူညီပေးရေးဖုန်းလိုင်းသို့ မည်သည့် ဆင်းမ်ကတ်ဖြင့် မဆို ၀၉-၉၆၁၁၄၀၀၀၀ အားနှိပ်၍ တနင်္လာနေ့ မှ သောကြာနေ့တိုင်း (နေ့လည် ၂း၀၀ - မှ ညနေ ၅း၀၀ နာရီအထိ) ခေါ်ဆိုနိုင်ပါသည်။

Myanmar Clinical Psychology Consortium (MCPC)

Myanmar Clinical Psychology Consortium (MCPC)

Myanmar Clinical Psychology Consortium (MCPC) သည် ပြည်တွင်းနှင့် နိုင်ငံတကာ စိတ်ကျန်းမာရေး ပရော်ဖက်ရှင်နယ်များ၊ ဒေသတွင်း မိတ်ဖက်များ ပါဝင်သည့် စေတနာ့ဝန်ထမ်း အခြေပြု အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ MCPC သည် စိတ်ကျန်းမာရေးဆေးခန်းမဟုတ်ပါ။ MCPC မှ နှစ်သိမ့်ဆွေးနွေးအဖြေရှာခြင်း သို့မဟုတ် စိတ်ကုထုံး စသည့် ဝန်ဆောင်မှုများ မပေးသော်လည်း MCPC ၏ သင်တန်းဆင်း ကျောင်းသား၊ကျောင်းသူဟောင်း များမှတစ်ဆင့် နှစ်သိမ့်ဆွေးနွေးအဖြေရှာခြင်း ဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။ ထို ဝန်ဆောင်မှုများကို အွန်လိုင်းမှ တိုက်ရိုက် သော်လည်းကောင်း၊ အခြေအနေပေးပါက လူကိုယ်တိုင်တွေ့၍ သော်လည်းကောင်း ရယူနိုင်ပါသည်။ MCPC သည် အဖွဲ့အစည်းများ ၏ လိုအပ်ချက်များ၊ လက်ခံ ရရှိသော ထောက်ပံ့ကြေး/ ဝန်ဆောင်ခများ အပေါ်အခြေခံ၍ စီမံချက်တစ်ခုစီအတွက် သင့်လျော်သော MCPC အဖွဲ့ဝင်များပါဝင်သည့် အဖွဲ့ဖွဲ့ကာ စီမံချက်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

Reach Out Myanmar

Reach Out Myanmar

Reach Out Myanmar (လူတိုင်းအတွက် စိတ်ပညာ) သည် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုနှင့် အတိုင်ပင်ခံ ဝန်ဆောင်မှုများကို မြန်မာပြည်သူလူထု လက်လှမ်းမီနိုင်သည့် ဝန်ဆောင်ခနှင့် နည်းလမ်းများဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေးရန် ရည်ရွယ်၍ တည်ထောင်ထားသော အဖွဲ့အစည်း ဖြစ်ပါသည်။ Reach Out Myanmar ၏ စိတ်ပိုင်းဆိုင်ရာ ဆောင်းပါးများ ကို ၎င်းတို့၏ ဝက်ဘ်ဆိုက်နှင့် ဖေ့ဘုတ် တွင်လေ့လာဖတ်ရှုနိုင်ပါသည်။ Reach Out Myanmar မှ အတိုင်ပင်ခံဝန်ဆောင်မှုများ၊ လုပ်ငန်းခွင် ကျန်းမာသုခ အစီအစဉ်၊ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု၊ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ စသည့်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါသည်။

Serenity

Serenity

Serenity သည် မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေးနှင့် နှစ်သိမ့်ဆွေးနွေးအဖြေရှာခြင်း ဝန်ဆောင်မှုများပေးနေပြီး Serenity ထံ အီးမေးလ်- သို့မဟုတ် ဖုန်း- 09-776884275 မှတဆင့် ဆက်သွယ်နိုင်ပါသည်။ Serenity မှ နှစ်သိမ့်ဆွေးနွေးအဖြေရှာခြင်း ဝန်ဆောင်မှု၊ အဖွဲ့အစည်းများအတွက် စိတ်ကျန်းမာရေးဆိုင်ရာ အသိမြင်ဖွင့် သင်တန်းများ၊ စိတ်လူမှု အထောက်အပံ့ပေးခြင်း ဆိုင်ရာသင်တန်းနှင့် အခြေခံ နှစ်သိမ့်ဆွေးနွေးအဖြေရှာခြင်း သင်တန်း၊ ဝန်ထမ်းများအား အကူအညီပံ့ပိုးပေးသော အစီအစဉ် စသည့်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။

Well-Being Counselling and Psychological Services

Well-Being Counselling and Psychological Services

Well-Being Counselling and Psychological Services သည် မြန်မာနိုင်ငံရှိ လူ့အသိုက်အဝန်း အားလုံးအတွက် ပြည့်စုံသော နှစ်သိမ့်ဆွေးနွေးအဖြေရှာခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို ပေးဆောင်နိုင်သည့် ပရော်ဖက်ရှင်နယ်များဖြင့် ဖွဲ့စည်းထားပါသည်။ Well-Being သည် စိတ်ပညာဆိုင်ရာအသိပညာပေးခြင်း အစီအစဥ်များ၊ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုအထောက်အပံ့ပေးခြင်းဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အတိုင်ပင်ခံဝန်ဆောင်မှုများ (စိတ်ကြိုက်ပုံစံ) နှင့် နှစ်သိမ့်ဆွေးနွေးအဖြေရှာခြင်း/ ကုထုံး - တစ်ဦးချင်း၊ ချစ်သူရည်းစား အိမ်ထောင်ဖက်၊ နှင့် အဖွဲ့လိုက်ကုထုံး ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

© 2024 Myanmar Centre for Responsible Business