တပြေးညီဝန်ဆောင်မှု မဟာဗျူဟာ မူကြမ်းအပေါ် ညှိနှိုင်းတိုင်ပင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဆက်သွယ်ရေးဝန်ဆောင်မှု အသုံးပြုသူများ၏ အကြံပြုချက်များလိုအပ်မှုကို ပေါ်လွင်လာ
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် နိုင်ငံတကာ အကြံပေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Intelecon ၏ အကူအညီဖြင့် Universal Service (တပြေးညီဝန်ဆောင်မှု) အတွက် ရံပုံငွေ ရယူသုံးစွဲမည့် အစီအစဉ်နှင့် ရှေ့ပြေးစီမံကိန်းများအတွက် Universal Service Strategy (တပြေးညီဝန်ဆောင်မှု မဟာဗျူဟာ) တစ်ရပ်ကို ရေးဆွဲလျက်ရှိပါသည်။
စက်တင်ဘာလ ၂၀၁၅ခုနှစ်က ထုတ်ပြန်သည့် အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများလေ့လာဆန်းစစ်ချက် အစီရင်ခံစာတွင် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB) က မြန်မာနိုင်ငံရှိ လူတိုင်း ဆက်သွယ်ရေး ချိတ်ဆက်မှုများ ရှိလာခြင်း၏ လူအခွင့်အရေးအပေါ် ကောင်းသော သက်ရောက်မှုများ ဖြစ်ပေါ်လာစေရေးအတွက် တပြေးညီဝန်ဆောင်မှုအတွက် မဟာဗျူဟာတစ်ရပ် လိုအပ်ကြောင်း ထည့်သွင်း ဖော်ပြခဲ့သည်။ MCRB သည် အဆိုပါ မဟာ ဗျူဟာအား အဖွဲ့အစည်းများ ဥပမာ - အမျိုးသမီးများ၊ မသန်စွမ်းသူများအတွက် လှုပ်ရှားနေသော အဖွဲ့အစည်းများနှင့် ဝေးလံသည့် နေရာဒေသများရှိ ဒေသခံ ပြည်သူလူထုနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန်ကိုလည်း အစိုပါ အစီရင်ခံစာတွင် ဖော်ပြတောင်းဆိုခဲ့သည်။
ကွင်းဆင်းလေ့လာမှုများနှင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ညှိနှိုင်း ဆွေးနွေးပွဲတို့က ထွက်ပေါ်လာသည့် အချက်များကိုအခြေပြုပြီး Intelecon သည် ဆက်သွယ်ရေး ဝန်ဆောင်မှုများအတွက် တပြေးညီဝန်ဆောင်မှု လက်ရှိအနေအထားကို လေ့လာဆန်းစစ်မှုများ လုပ်ဆောင်ခဲ့ ပြီး ဖြစ်ပါသည်။ ယခုအခါ မဟာဗျူဟာမူကြမ်းနှင့် ရှေ့ပြေးစီမံကိန်းများ၏ အစီအစဉ်ကို ပြင်ဆင်လျက်ရှိပါသည်။ အဆိုပါမဟာဗျူဟာမူကြမ်းနှင့် ရှေ့ပြေးစီမံကိန်းများအတွက် လူထုသဘောထားမှတ်ချက်များရယူနိုင်ရန် ဒုတိယအကြိမ် လူထုညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကျင်းပခဲ့ပါသည်။ အဆိုဆွေးနွေးပွဲတွင် Intelecon က တာဝန်ရှိသူများက တပြေးညီဝန်ဆောင်မှု မဟာဗျူဟာ မူကြမ်း၊ တပြေးညီဝန်ဆောင်မှု ရံပုံငွေ (Universal Service Fund – USF)နှင့် ရှေ့ပြေး စီမံကိန်ုး များ၏ ဒီဇိုင်းနှင့် အကောင်အထည်ဖော်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ပါသည်။ ဆွေးနွေး တင်ပြချက်များနှင့် တပြေးညီဝန်ဆောင်မှု မဟာဗျူဟာအကြောင်းမိတ်ဆက် အင်္ဂလိပ်လို နှင့် မြန်မာလိုပါ ပူးတွဲဖော်ပြအပ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့်ဆွေးနွေးအကြံပြုချက်များတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ရောက်ရှိ၊ ရရှိမှုနည်းပြီး ဝန်ဆောင်မှုများ၏ အကျိုးကျေးဇူးရရှိမှုနည်းသည့် အုပ်စုဝင်များကိုယ်စား လုပ်ဆောင်နေသည့် အဖွဲ့အစည်းများအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများပိုမိုပါဝင်လာရေးနှင့် တပြေးညီ ဝန်ဆောင်မှု အကြောင်း ပိုမိုသိရှိအောင် လုပ်ဆောင်ရေးလိုအပ်ချက်များကို တွေ့ရှိရသည်။
Intelecon သည် တပြေးညီဝန်ဆောင်မှု မဟာဗျူဟာ မူကြမ်း၊ တပြေးညီဝန်ဆောင်မှု ရံပုံငွေ တည်ဆောက်ရေး လမ်းညွှန် မူကြမ်း၊ တပြေးညီဝန်ဆောင်မှုရံပုံငွေအတွက်လုပ်ငန်းလမ်းညွှန်လက်ဆွဲတို့ကို ဧပြီလတွင်သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ပြီး၊ လာမည့်ဇွန်လတွင် မူကြမ်းကို အတည်ပြုနိုင်ရေးအတွက် မေလတွင် မူကြမ်းများအပေါ် လူထုညှိနှိုင်းဆွေးနွေးပွဲ ထပ်မံကျင်းပသွားမည်ဖြစ်သည်။