မြန်မာနိုင်ငံ၏ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဥပဒေမူဘောင်အား နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ တည်ဆောက်ရန် လိုအပ်သည်

ယခုအပတ်တွင် အချို့သော ဝန်ကြီးဌာနများမှ ‘ဆိုက်ဘာလုံခြုံရေးဥပဒေ’ မူကြမ်း (အင်္ဂလိပ်ဘာသာဖြင့် မကြာမီဖော်ပြမည်) အား မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ (အိုင်စီတီ၊ ဘဏ်များ) သို့ပေးပို့ခဲ့ပြီး အရေးပေါ် သဘောထားမှတ်ချက်များအား ဖေဖော်ဝါရီလ ၁၅ ရက်တွင် နောက်ဆုံးထား ပြန်လည်ပေးပို့ရန်တောင်းခံထားပါသည်။ တပ်မတော်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဤဥပဒေအား အလျင်အမြန်ကျင့်သုံးရန် ရည်ရွယ်ထားဟန်တူပါသည်။
မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှ ထိုဥပဒေမူကြမ်းနှင့်ပတ်သက်၍ အက်ဗိုကေစီ ဆောင်ရွက်လိုသော အဖွဲ့အစည်းများအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် နိုင်ငံတကာအလေ့အကျင့်များတွင် ပါရှိသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံရေး ရရှိပိုင်ခွင့် (right to privacy) နှင့်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (freedom of expression) စသည့် အချက်များပါအဝင် လူ့အခွင့်အရေးရှုထောင့်မှနေ၍ ဤဥပဒေ၏ အခြေခံသဘောတရားများကို စိစစ်သုံးသပ်သည့် စာတမ်းတစ်ဆောင်အား ပြင်ဆင်ထားပါသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ရွေးကောက် တင်မြှောက်ခံရသော လွှတ်တော်၏ ဒီမိုကရေစီနည်းအရ ကြီးကြပ်မှုသည်လည်း တပ်မတော်၏ အရေးပေါ်အခြေအနေ ကြေညာချက်ကြောင့် မဖြစ်နိုင်တော့ပါ။ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၅၀ ကျော်ကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှလက်ခံကျင့်သုံးမည့် ကျယ်ပြန့်လှသည့် ဤဥပဒေ၏ တရားဝင်မှုအား ဆန့်ကျင်ပါသည်။ အထူးသဖြင့် တပ်မတော် အနေဖြင့် နိုင်ငံတော်၏တာဝန်ဖြစ်သော လူ့အခွင့်အရေးကို ကာကွယ်ရမည် ဟူသောအချက်ကို လိုက်နာခြင်း မရှိကြောင်း ကိုလည်း ဖော်ထုတ်ဆန့်ကျင်ခဲ့သည်။
ယခုအဆိုပြုထားသော ဆိုက်ဘာလုံခြုံရေးဥပဒေအား လက်ရှိပုံစံအတိုင်း ကျင့်သုံးပါက အရပ်ဘက် လူ့အဖွဲ့အစည်း အပေါ် သက်ရောက်မှုရှိမည်သာမက မြန်မာနိုင်ငံရှိ ကုမ္ပဏီများ အတွက်လည်း အခက်အခဲ၊ အကြပ်အတည်းများစွာ မြင့်မားလာနိုင်သည်။ အချို့သော တာဝန်ယူမှုရှိသည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ အထူးသဖြင့် အိုင်စီတီကဏ္ဍမှ လုပ်ငန်းများအနေဖြင့် ဈေးကွက်မှ လုံးဝနှုတ်ထွက်သွားနိုင်မည်။ ရင်းနှီးမြှုပ်နှံရန် သို့မဟုတ် ဝန်ဆောင်မှုများ ထောက်ပံ့ရန် အစီအစဥ်များမှာလည်း နှောင့်နှေးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
ဤဥပဒေ၏ ဒေတာအချက်အလက်အား သိမ်းဆည်းထားရှိသည့် နေရာ (data localization) (အပိုဒ် ၂၈) အပေါ် အလေးထား အာရုံစိုက်ခြင်း၊ ဥပမာ - အစိုးရမှ သတ်မှတ်ထားသော ဝက်ဆိုက်များ တွင်သာ အချက်အလက်များအား သိမ်းဆည်းထားရမည် ဆိုသည့် ကန့်သတ်ချက်သည် မြန်မာနိုင်ငံရှိ ကုမ္ပဏီများ၊ အထူးသဖြင့် ဘဏ်များ၊ အီလက်ထရောနစ်စနစ် ကူးသန်းရောင်းဝယ်ရေး ပံ့ပိုးသူများ နှင့် မြန်မာနိုင်ငံတွင်း လုပ်ငန်း လည်ပတ်နေသော ဒေတာအချက်အလက် အများအပြား အသုံးပြုရသည့် အခြားသော ကုမ္ပဏီလုပ်ငန်းများ အတွက် အားနည်းချက်တစ်ခု ဖြစ်လာနိုင်ပြီး ထိခိုက်မှု မြင့်တက်လာနိုင်သလို၊ ယှဥ်ပြိုင်နိုင်စွမ်းကိုလည်း လျော့နည်းစေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းဘဏ်များ၊ ကုမ္ပဏီများသည် နိုင်ငံတကာ cloud-based ဝန်ဆောင်မှုမှပေးသော လုံခြုံရေးနှင့် အကျိုးထိရောက်မှုတို့ကို အသုံးပြုနိုင်တော့မည် မဟုတ်သောကြောင့် ဖြစ်သည်။
ဤဥပဒေသည် ဥရောပသမဂ္ဂ (EU) ၏ အထွေထွေ အချက်အလက် ကာကွယ်ရေးစည်းမျဉ်း (General Data Protection Regulation - GDPR) ကဲ့သို့သော နိုင်ငံတကာ အချက်အလက် ကာကွယ်ရေး စည်းမျဉ်းနှင့် မကိုက်ညီသောကြောင့် မြန်မာနိုင်ငံတွင် အလုပ်အကိုင်များ ဖန်တီးရေးနှင့် offshored data-based ဝန်ဆောင်မှုများဖြစ်သည့် ဆက်သွယ်ခေါ်ယူနိုင်သော စင်တာများ (call centres) သို့မဟုတ် စာရင်းကိုင်၊ ထောက်ပံ့ရေးနှင့် ဝန်ဆောင်မှု အစရှိသည့် ဝန်ဆောင်မှုများ ပေးသည့်စင်တာများ (shared services centres) ၏တည်နေရာဖြစ်လာရန် အခွင့်အလမ်းများကိုလည်း အဟန့်အတားဖြစ်စေလိမ့်မည်။
ဤဆိုက်ဘာလုံခြုံရေးဥပဒေအား ကျင့်သုံးလျှင် ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု (private equity)၊ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် ဘဏ်များ အစရှိသည့် ဘဏ္ဍာရေး အရင်းအမြစ်များ မှလည်း ဤဥပဒေအား သဘာဝပတ်ဝန်းကျင်၊ လူမှုရေး နှင့် စီမံအုပ်ချုပ်ရေး (ESG) ဆိုင်ရာ အန္တရာယ်အဖြစ် သတ်မှတ်ကြလိမ့်မည်။ ၎င်းအန္တရာယ်အား မလျှော့ချနိုင်လျှင် ဘဏ္ဍာရေးအရင်းအမြစ်များ အနေဖြင့် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးကျဆင်းနေသည့် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထူနိုင်ရန် အတွက် လိုအပ်နေသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေကြေးထောက်ပံ့မှုများ ပြုလုပ်လိုတော့မည် မဟုတ်ပါ။
ဥပဒေမူကြမ်းအား မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF)၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA)၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံအတွင်းရှိ ဥရောပ၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ ဂရိ၊ နယူးဇီလန် နှင့် အမေရိကန်ကုန်သည်ကြီးများအသင်း (ဤအသင်းမှ သီးခြားထုတ်ပြန်ချက် လည်းထုတ်ထားသည်) တို့ပါဝင်သော နိုင်ငံခြားကုန်သည်ကြီးများအသင်းများစွာ/ စီးပွားရေးအသင်းအဖွဲ့များစွာ တို့ကလည်း ဆန်းစစ်ဝေဖန်ထားပါသည်။ ဖေ့ဘုတ် (Facebook)၊ Grab၊ ဂူဂယ် (Google)၊ တွစ်တာ (Twitter) စသည့် အဖွဲ့ဝင်များ ပါဝင်သည့် Asia Internet Coalition (AIC) သည်လည်း ကျရောက်လာနိုင်သည့် ကြီးမားသော ဥပဒေ အကျိုးဆက်များကို အလွန် စိုးရိမ်မိပါသည်။ တယ်လီနော အပါအဝင် သီးခြားကုမ္ပဏီများ နှင့် ဘဏ်များကလည်း ဤဥပဒေမူကြမ်းနှင့် ပတ်သက်၍ ၎င်းတို့၏အမြင်များအား ထုတ်ဖော်ပြောကြားထားပါသည်။
၂၀၁၆ ခုနှစ်တွင် MCRB မှ မြန်မာ့အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ ကို ထုတ်ပြန်ခဲ့ပါသည်။ ထိုအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ဥပဒေမူဘောင်အတွင်းရှိ လူ့အခွင့်အရေးဆိုင်ရာ ပြသနာ၊ အခက်အခဲများကိုလည်း လွှမ်းခြုံဖော်ပြထားပါသည်။ ၂၀၁၉ ခုနှစ်တွင်ထုတ်ပြန်သည့် MCRB မူဝါဒအကျဥ်းချုပ် - မြန်မာနိုင်ငံရှိ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ဥပဒေနှင့် မူဝါဒရေးရာ မူဘောင် - လူ့အခွင့်အရေးသက်ရောက်မှုများ ၌လည်း အခြေအနေနှင့်အညီ ထပ်မံတင်ပြထားပါသည်။
MCRB မှ ၂၀၁၉ ခုနှစ် တွင်ထုတ်ပြန်သည့် မူဝါဒရေးရာ အနှစ်ချုပ် - ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာမှုခင်း တွင် မြန်မာနိုင်ငံ နှင့်သက်ဆိုင်သည့်ကိစ္စရပ်များအား ဖော်ထုတ်ခဲ့ပြီး နိုင်ငံတကာစံနှုန်းများ နှင့်အညီ ထိရောက်သော ဆိုက်ဘာလုံခြုံရေး မူဘောင်ကို တည်ဆောက်ရန် မူဝါဒများကိုလည်း ဖော်ထုတ်ခဲ့ပါသည် -
၁။ ဥပဒေတစ်ခုတည်း သီးသန့် ပေါ်ပေါက်လာရေးထက် ဆိုက်ဘာလုံခြုံရေးမူဘောင် (Cyber Security Framework) ကို ဦးတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်
၂။ လူပုဂ္ဂိုလ်များ၊ စက်ကိရိယာများနှင့် ကွန်ယက်များအား ကာကွယ်ခြင်းကို ဆိုက်ဘာလုံခြုံရေး ဗျူဟာ/မူဝါဒတိုင်း၏ ပင်မရည်ရွယ်ချက်အဖြစ် ဦးစားပေးလုပ်ဆောင်ရန်
၃။ အဘက်ဘက်မှ စဥ်းစားထားသော အချက်အလက်ကာကွယ်ရေး ဥပဒေ (data protection law) တစ်ရပ်ကို ပြဋ္ဌာန်းကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် – မြန်မာနိုင်ငံ တွင် ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံရေး (privacy) အား အကာအကွယ်ပေးသည့် အချက်အလက် ကာကွယ်ရေး ဥပဒေ (Data Protection Law) ဆိုင်ရာ သီးခြား မူဝါဒအကျဥ်းချုပ် တွင်လည်း အသေးစိတ် အချက်အလက်များကို ဖော်ြပထားပါသည်။
၄။ မြန်မာနိုင်ငံ၏ အရေးကြီးသော အခြေခံ အဆောက်အအုံများ (Critical Infrastructure) ကို ရွေးချယ်သတ်မှတ်ပြီး ဦးစားပေး ဆောင်ရွက်ရန်
၅။ လုံခြုံရေးဆိုင်ရာ ဖြစ်ရပ်များအတွက် တုံ့ပြန်နိုင်သည့် အဖွဲ့များအား ဖွဲ့စည်းထူထောင်ရန်
၆။ ဆိုက်ဘာခြိမ်းခြောက်မှု အန္တရာယ်ဆိုင်ရာ လေ့လာဆန်းစစ်မှုအား စနစ်တကျလုပ်ဆောင်ရန်နှင့် ပြန်လည်ထူထောင်ရေး အစီအစဥ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်
ဤလေ့လာမှုများ နှင့် အကျဥ်းချုပ်များက စောင့်ကြည့်ခြင်း (Surveillance) သို့မဟုတ် ဥပဒေအရ ကြားဖြတ်ဆောင်ရွက်ခြင်း (Lawful Interception) တို့တွင် လူ့အခွင့်အရေးအား အကာအကွယ်ပေးထားခြင်း မရှိသောကြောင့် ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံရေး အတွက် အထူးစိုးရိမ်စရာ ဖြစ်ကြောင်းကို မီးမှောင်းထိုးပြနေသည်။ ဆက်သွယ်ရေးဥပဒေ၏ အပိုဒ် ၇၅ တွင်
ထည့်သွင်းဖော်ြပထားသော်လည်း စောင့်ကြည့်ခြင်း သို့မဟုတ် ဥပဒေအရ ကြားဖြတ်ဆောင်ရွက်ခြင်း တို့အား မည်သည့် အဖွဲ့အစည်းအား တာဝန်ပေးအပ်ထားကြောင်း သတ်သတ်မှတ်မှတ် ဖော်ြပထားခြင်းမရှိပါ။ ၂၀၁၆ ခုနှစ် ICT SWIA ၏ အကြံပြု တင်ပြချက်များ၏ နောက်ဆက်တွဲ (၁) တွင် MCRB မှ အခွင့်အရေးကို အလေးထားသည့် တရားဥပဒေနှင့် အညီ ဆက်သွယ်ရေး ကြားဖြတ်နားထောင်ခြင်းမူဘောင် ကို အဆိုပြုခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်း အပိုဒ် ၄၇-၅၀ တွင်ပါရှိသည့် ပြဋ္ဌာန်းချက်များသည်လည်း ဤမူဘောင်၏ အခြေခံသဘောတရားများနှင့် ကိုက်ညီမှု မရှိပါ။
၄၇။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် ပါဝင်သော ကြားဖြတ်ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ဥပဒေနှင့်အညီ ကြားဖြတ်ဆောင်ရွက်ခွင့်ကို အပ်နှင်းနိုင်သည်။
၄၈။ ဆက်သွယ်ရေးဥပဒေပါ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများသည် ပုဒ်မ ၄၇ အရ ကြားဖြတ်ဆောင်ရွက်ခွင့် အပ်နှင်းခြင်းခံရသော သက်ဆိုင်ရာ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်က ဥပဒေနှင့်အညီ ကြားဖြတ်ဆောင်ရွက်ခြင်းပြုနိုင်ရန် ကြိုတင်စီမံဆောင်ရွက်ထားရှိရမည်။
၄၉။ ပုဒ်မ ၄၇ အရ ကြားဖြတ်ဆောင်ရွက်ခွင့် အပ်နှင်းခြင်းခံရသော သက်ဆိုင်ရာ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ရပ်သည် အောက်ပါကိစ္စရပ်များအတွက် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မထိခိုက်စေဘဲ ကြားဖြတ်ဆောင်ရွက်ခြင်းကို ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်သည်-
(က) နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ထိခိုက်စေမည့် ကိစ္စရပ်များကို တားဆီးကာကွယ်ခြင်း၊
(ခ) နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
(ဂ) တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကိစ္စရပ်များဆောင်ရွက်ခြင်း၊
(ဃ) ရာဇဝတ်မှုများအား စုံစမ်းထောက်လှမ်းခြင်း၊
(င) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုထားသည့် ကိစ္စရပ်များ၊
(စ) ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်အား ကွယ်စောင့်ရှောက်ရန် ကိစ္စရပ်များ၊
၅၀။ ဝန်ကြီးဌာန သို့မဟုတ် ယင်းက တာဝန်ပေးအပ်သောဌာန၊ အဖွဲ့အစည်းသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး ကိစ္စများအတွက်သော်လည်းကောင်း အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်း တစ်ရပ်ရပ်အတွင်း ဝန်ဆောင်မှု ပြုလုပ်နေမှုကို လိုအပ်ပါက ဝင်ရောက်ကြည့်ရှု၍ စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းနှင့် စာတမ်းအမှတ်အသားတို့ကို တင်ပြစေနိုင်သည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် MCRB မှ ဝန်ကြီးဌာနများ၊ အခြားပတ်သက်ဆက်ဆိုင်သူများ နှင့်အတူ ကမ္ဘာ့ဘဏ်၏ ငွေကြေးထောက်ပံ့မှုဖြင့် စင်္ကာပူ နိုင်ငံ အခြေစိုက် အကြံပေးလုပ်ငန်း တစ်ခုဖြစ်သော TRPC (TRPC.biz) မှ ဆောင်ရွက်သည့် ဆိုက်ဘာဥပဒေ ဆိုင်ရာဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲသည် မြန်မာ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၏ လုပ်ငန်းဆိုင်ရာ ရည်ညွှန်းသတ်မှတ်ချက်များ (ToRs) အတွက် ကမ္ဘာ့ဘဏ် နှင့် TRPC တို့မှ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ MCRB အနေဖြင့် ပွင့်လင်းမြင်သာမှုရှိစေရန် နှင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တွင်ထုတ်ဝေသော ဆိုက်ဘာလုံခြုံရေးဥပဒေ၏ ကနဦးဖြစ်တည်မှုနှင့် ပတ်သက်သော ရှုပ်ထွေးမှုအား ရှင်းလင်းစွာ သိရှိကြစေရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ မူကြမ်း အား မျှဝေမည်ဖြစ်ပါသည်။ ထိုဆိုက်ဘာဥပဒေမူကြမ်း နှင့်အတူ ‘e-Government၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး (e-Commerce) နှင့် ဆိုက်ဘာလုံခြုံရေး နှင့်သက်ဆိုင်သော မူဝါဒများ’ စာတမ်းလည်း ထွက်ရှိခဲ့ပါသည်။ ထိုစာတမ်းတွင် “cloud first, data classification” အစရှိသည့် အကြောင်းအရာများကိုလည်း ထည့်သွင်းဖော်ြပခဲ့ပါသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့ ဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ မြန်မာ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန နှင့် TRPC တို့အား ဥပဒေမူကြမ်းနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေး အကြံပြု ခဲ့ကြပါသည်။ ထိုအချက်များတွင် ဥပဒေနယ်ပယ် မှာကျယ်ပြန့်လွန်းနေခြင်း၊ ထိုဥပဒေအား ဆိုက်ဘာမှုခင်း၊ အချက်အလက် ကာကွယ်ရေး အစရှိသည့် သီခြား ဥပဒေနှစ်ရပ်အဖြစ် ပြန်လည်ရေးဆွဲသင့်ခြင်း တို့ဖြစ်ပါသည်။ ထို့အပြင် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး (e-commerce) နှင့်ဆိုင်သော ပြဋ္ဌာန်းချက်များကို အလားတူ ဥပဒေအား ရေးဆွဲနေသည့် မြန်မာ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့်အတူ ပူးပေါင်း၍ စုစည်းမှုရှိသည့် ဥပဒေ အဖြစ်ရေးဆွဲသင့်ကြောင်းလည်း အကြံပြုခဲ့ပါသည်။ ထို့အပြင် MCRB မှ အရေးကြီးသော ဆုံးဖြတ်ချက်များအား အမျိုးမျိုးသော ကော်မတီများအပေါ် တာဝန်ပေးအပ် ထားရှိခြင်း နှင့် စပ်လျဥ်း၍လည်း မေးခွန်းထုတ်ခဲ့ပါသည်။ ဤကဲ့သို့သော လုပ်ဆောင်မှုများသည် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု နှင့် စီးပွားရေးလုပ်ငန်းများနှင့် အခြားဆက်နွယ်နေသူများ ဥပဒေအပေါ် ထားရှိသည့် စိတ်ချ၊သေချာမှုကို လျော့နည်းစေသည်။ ဤမူကြမ်းအပေါ် စိတ်ကျေနပ်မှု မရှိသောကြောင့် ၂၀၁၉ ခုနှစ် ပထမ သုံးလဖြတ် ကာလအတွင်း ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဥ်အား ဆောင်ရွက်ခြင်းမရှိခဲ့ပါ။ ကမ္ဘာ့ဘဏ်/TRPC ထောက်ပံ့မှုသည်လည်း သက်တမ်းတိုးခြင်းမရှိဘဲ ရပ်တန့်သွားခဲ့ပါသည်။
၂၀၂၀ ခုနှစ်တွင် မြန်မာ့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မှ ဝန်ကြီးဌာနအတွင်း ဆိုက်ဘာလုံခြုံရေး ဥပဒေ၏ ပထမ ဦးဆုံးသော မူကြမ်း (zero draft) အား ရေးဆွဲခဲ့ပါသည်။ ထိုမူကြမ်းမှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ရေးဆွဲခဲ့သော မူကြမ်းနှင့် ရေးဆွဲပုံ ကွဲပြားပါသည်။ ဤ ၂၀၂၀ ခုနှစ် မူကြမ်း (အပေါ်တွင်ကြည့်ပါ) အား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၀၁ ရက်နေ့ တပ်မတော် မှအာဏာသိမ်းယူပြီးသည့်နောက် update လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။
အထက်ပါအကြောင်းအရာနှင့်ပတ်သတ်၍ ဆက်လက်ဖတ်ရှုလိုပါက
- အချက်အလက်ကာကွယ်ခြင်း (Data Protection) ဘာကြောင့် အရေးပါသလဲ၊ သင်ဝေမျှသည့်အရာကို သိရှိပါ!
- MCRBသည် အီလက်ထရောနစ်စနစ် ကူးသန်းရောင်းဝယ်ရေး မဟာဗျူဟာ မူကြမ်း၊ အီလက်ထရောနစ်စနစ် ကူးသန်းရောင်းဝယ်ရေး လမ်းညွှန်ချက် မူကြမ်းတို့နှင့်စပ်လျဉ်း၍ သဘောထားသုံးသပ်ချက်များ ပေးပို့ခဲ့ပါသည်။
- ဆွေးနွေးမှု ရုပ်သံမှတ်တမ်း - “ကျွန်ုပ်တို့ ယုံကြည်ရသော ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် အချက်အလက်ကာကွယ်ခြင်း”
- Lift the Restrictions on Internet Access
- MCRB provides initial comments to government on the draft cybersecurity framework, and discusses cybersecurity with MPs
- Third Myanmar Digital Rights Forum Ends With Call for Better Regulated, Freer, Safer Online Space, Emphasises Need For Consultation