MCRB/OXFAM တို့မှ ပူးပေါင်း၍ ကျင်းပသည့် မြေယာအခြေပြု နှစ်ရှည်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများတွင် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပေါ်ထွက်လာရေး အလုပ်ရုံဆွေးနွေးပွဲ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » MCRB/OXFAM တို့မှ ပူးပေါင်း၍ ကျင်းပသည့် မြေယာအခြေပြု နှစ်ရှည်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများတွင် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပေါ်ထွက်လာရေး အလုပ်ရုံဆွေးနွေးပွဲ

MCRB/OXFAM တို့မှ ပူးပေါင်း၍ ကျင်းပသည့် မြေယာအခြေပြု နှစ်ရှည်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများတွင် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပေါ်ထွက်လာရေး အလုပ်ရုံဆွေးနွေးပွဲ

အကျိုးသက်ဆိုင်သူများ အားလုံးပါဝင်သော ယခုအလုပ်ရုံဆွေးနွေးပွဲသည် Oxfam နှင့် အတူပူးပေါင်း၍ MCRB မှ လက်ရှိအချိန်တွင် အဓိကထား ဆောင်ရွက်လျက်ရှိသည့် တာဝန်ယူမှုရှိသော အကြီးစားစိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှုများပေါ်ထွက်လာစေရေး၏ တစိတ်တဒေသဖြစ်သည်။
အကျိုးသက်ဆိုင်သူများ အားလုံးပါဝင်သော ယခုအလုပ်ရုံဆွေးနွေးပွဲသည် Oxfam နှင့် အတူပူးပေါင်း၍ MCRB မှ လက်ရှိအချိန်တွင် အဓိကထား ဆောင်ရွက်လျက်ရှိသည့် တာဝန်ယူမှုရှိသော အကြီးစားစိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှုများပေါ်ထွက်လာစေရေး၏ တစိတ်တဒေသဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် Oxfam မြန်မာနှင့် မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)တို့ ပူးပေါင်း၍ နှစ်ရှည်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများတွင် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု များဖြစ်ပေါ်လာရေးအတွက် အကျိုးသက်ဆိုင်သူများအားလုံးပါဝင်သော ဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ ဆီအုန်း၊ ဌက်ပျော၊ ရာဘာ အစရှိသော သီးနှံစိုက်ခင်းများနှင့် သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုများတွင် တွေ့ရှိရသည့် ကောင်းမွန်သော အလေ့အကျင့်များ၊ ပြုပြင်ရန် လိုအပ်နေသေးသော အလေ့အကျင့်ဆိုးများ ကို သာဓက အမျိုးမျိုးဖြင့် ဆွေးနွေးခဲ့ကြပြီး မြေယာရယူမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို ကြီးကြပ်ခြင်းနှင့် သက်ဆိုင်သည့် ဥပဒေများအပါအဝင် မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူဘောင်များအကြောင်းကို အဓိကထား ဆွေးနွေးခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်သူပေါင်း (၅၀) ကျော်ရှိခဲ့ပြီး အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ လွှတ်တော်အမတ်များ၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ လွှတ်တော်အမတ်များ၊ အစိုးရဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆီအုန်းနှင့် ရာဘာအပါအဝင် နှစ်ရှည်သီးနှံများကို စိုက်ပျိုးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေကြသည့် မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားကုမ္ပဏီများ၊ သုတေသန ပညာရှင်များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကဏ္ဍရှိ ဥပဒေအကြံပေးပညာရှင်များနှင့် တရုတ်နိုင်ငံ ဓာတ်သတ္တုနှင့် ဓာတုပစ္စည်းများ ကုန်သည်ကြီးများအသင်း (CCCMC) အပါအဝင် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသော နိုင်ငံခြားသား ကုမ္ပဏီများအတွက် လိုက်နာရမည့်လမ်းညွှန်ချက်များ ဖော်ထုတ်ရေးသား နေသည့် နိုင်ငံခြားကိုယ်စားလှယ်များ အစရှိသည့် ပုဂ္ဂိုလ်များမှ တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးမှုများတွင် စိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှုကဏ္ဍအသီးသီး၌ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းတို့ ပြုလုပ်ရာတွင် အစိုးရဌာနများ၏ မတူညီသောအခန်းကဏ္ဍများ၊ တာဝန်ဝတ္တရားများ၊ ကြီးကြပ်ကွပ်ကဲမှုများ၊ အမွေဆိုးပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်း အစရှိသည့် အကြောင်း အရာများကို အဓိကထား၍ ဆွေးနွေးခဲ့ကြသည်။ ကုမ္ပဏီများနှင့် ကဏ္ဍ အသီးသီးတွင် လုပ်ဆောင်နေကြသော အဖွဲ့အစည်းများအနေဖြင့် နှစ်ရှည်သီးနှံစိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်ရာတွင် တွေ့ကြုံနေ ရသော အခက်အခဲများနှင့် ဆက်စပ်၍ ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားခဲ့ကြသည်။ စိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှုများနှင့် ဆက်စပ်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် လက်ရှိတွေ့ကြုံနေရသည့် အခြေအနေများအပေါ် တက်ရောက်လာသူများ၏ နားလည်မှုနှင့် အမြင်များကို ဆန်းစစ်မေးမြန်းသည့် အစီအစဉ်အရ မြန်မာနိုင်ငံတွင် နှစ်ရှည်သီးနှံစိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် အကြီးမားဆုံး စိန်ခေါ်မှုမှာ ဈေးကွက်ရရှိနိုင်ရေးနှင့် ပြည်ပ တင်ပို့နိုင်မှုဟု တက်ရောက် လာသူများ၏ (၄၄) ရာခိုင်နှုန်းမှ ဖြေဆိုကြပြီး (၂၃) ရာခိုင်နှုန်းမှာ မြေယာ အငြင်းပွားမှုပြဿနာများဟု ဖြေဆိုကြသည်ကို တွေ့ရှိရသည်။ တာဝန်ယူမှုရှိသော နှစ်ရှည်သီးနှံစိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာ နိုင်ရေးအတွက် နိုင်ငံသားနှင့် နိုင်ငံခြားသား ကုမ္ပဏီများအတွက် အဓိက စိန်ခေါ်မှုမှာ မြေယာလျှောက်ထား ရယူမှုဟု တက်ရောက်လာသူများ၏ (၃၈) ရာခိုင်နှုန်းမှ သဘောတူညီခဲ့ကြပြီး (၂၆) ရာခိုင်နှုန်းမှာ အစိုးရဌာန များမှ အထောက်အပံ့မရရှိခြင်းနှင့် သင့်တော်သော ဥပဒေဆိုင်ရာ ပံ့ပိုးမှု မရှိခြင်းဟု ဖြေဆိုခဲ့ကြသည်။ အမေး/အဖြေ ပြုလုပ်ခြင်း၏ ရလဒ်များအရ မြေယာလျှောက်ထားရယူခြင်း နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့်လျှောက်ထားခြင်းတို့အကြား မည်သို့အပြန်အလှန် သက်ရောက် မှု ရှိသည်ကို ရှင်းလင်းစွာနားလည်မှု မရှိသေးကြောင်းကိုလည်း တွေ့ရ သည်။

Oxfam မြန်မာ၏ Country Director Mr. Paul Joicey မှ အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှ မကြာသေးမီနှစ်အနည်းငယ်အတွင်း ပြဌာန်းခဲ့သော ဥပဒေ၊ မူဝါဒများ သည် သမိုင်းတစ်လျှောက်ကြုံတွေ့ခဲ့ရသည့်ပြဿနာများ ဥပမာအားဖြင့် မြေယာမတရားသိမ်းယူမှုကို ကူညီဖြေရှင်းနိုင်မည်ဖြစ်ပြီး အနာဂတ် ရင်းနှီးမြှုပ်နှံများသည် လုပ်ငန်းရှင်နှင့် ဒေသခံများ နှစ်ဦးစလုံးအတွက် အကျိုးအမြတ်များ ရရှိစေရန် အထောက်အပံ့ဖြစ်နိုင်မည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ နှင့် နည်းဥပဒေများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေနှင့် ပတ်ဝန်း ကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း အသားပေးဖော်ပြခဲ့သည်။ ထို့အပြင် တာဝန်ယူမှုရှိသော နှစ်ရှည်သီးနှံ စိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှုများ ပိုမိုထွက်ပေါ်လာစေရန်၊ နှစ်ရှည်သီးနှံ စိုက်ပျိုးရေး လုပ်ငန်းနှင့် သက်ဆိုင်သည့် ပြဿနာများကို နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ ဖြေရှင်းနိုင်ရန် Oxfam မြန်မာနှင့် မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)တို့သည် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်ဟု ရှင်းလင်း တင်ပြခဲ့ပြီး ယခုအလုပ်ရုံဆွေးနွေးပွဲ၏ အကျိုးဆက်အနေဖြင့် စိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံသူများနှင့် အခြားအကျိုးသက်ဆိုင်သူများ အားလုံးမှ ရင်ဆိုင်ရသည့် လိုအပ်ချက်များနှင့် စိန်ခေါ်မှုများကို ပိုမိုနားလည်နိုင်မည်ဟု MCRB နှင့် Oxfam နှစ်ဖွဲ့စလုံးမှ မျှော်လင့်မိပါကြောင်း ပြောကြားခဲ့သည်။

အစိုးရအဖွဲ့ ကိုယ်စားပြုအနေဖြင့် အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးမှုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်မှ လုပ်ကွက်ငယ်လယ်သမားများ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးနိုင်ရန် လက်ရှိလွှတ်တော်တွင် ဥပဒေများပြင်ဆင်နေမှု အကြောင်းကို အဖွင့်အမှာ စကားတွင် ထည့်သွင်းပြောဆိုခဲ့ပြီး မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍသည် အရေးပါမှုရှိကြောင်းနှင့် မတရားသော မြေယာသိမ်းယူမှုများ ရပ်တန့် အောင်လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

သက်ဆိုင်ရာအစိုးရဌာနများ၏ ကိုယ်စားလှယ်များမှ မြန်မာနိုင်ငံရှိ ဥပဒေ ပိုင်းတွင် ပြောင်းလဲတိုးတက်လာမှုများ အကြောင်းနှင့် အဆိုပါဥပဒေများ သည် တာဝန်ယူမှုရှိသော စိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှုများဖြစ်လာစေရန် မည်သို့ အထောက်အပံ့ပေးနေကြောင်း ပြောဆိုခဲ့ကြသည်။ အဆိုပါ အချက်များကို ရှင်းလင်းတင်ပြခဲ့သည့် အစိုးရဌာနမှ အရာရှိများမှာ ဒေါက်တာမာလာမျိုးညွှန့် (ဒုတိယညွှန်ကြားရေးမှူးချူပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA))၊ ဒေါ်တင်ဌေး (လက်ထောက် ညွှန်ကြားရေးမှူး၊ နှစ်ရှည်သီးနှံဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန (DOA))၊ ဦးလှိုင်မင်း (လက်ထောက်ညွှန်ကြားရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန၊ တနင်္သာရီ(DALMS)၊နှင့် ဦးထင်အောင်ကျော် (လက်ထောက်ညွှန်ကြားရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန (ECD)) တို့ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA)၏ လေးလ တစ်ကြိမ် အစီရင်ခံစာတင်ရသည့် လိုအပ်ချက်များနှင့် ကြီးကြပ်ရေး ကော်မတီကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုများအား ကွပ်ကဲသည့် လုပ်ငန်းစဉ် များကို အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသူများမှ စိတ်ဝင်စားမှုရှိခဲ့ သည်။ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန (DALMS)ကို ကိုယ်စားပြုသည့် ဦးလှိုင်မင်းမှလည်း လုပ်ကွက်ငယ်တောင်သူများအတွက် မြေယာလျှောက်ထားရယူသည့် လုပ်ထုံးလုပ်နည်းများနှင့် မြေယာရယူမှုနှင့် စပ်လျဉ်းသည့် ခေတ်အဆက်ဆက် ပြဿနာများကို ရှင်းလင်းပြောကြား ပေးခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လာသူများမှ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် နှစ်ရှည်သီးနှံ စိုက်ပျိုးရေး လုပ်ငန်းများအတွက် အသေး စိတ်လမ်းညွှန်ချက်များ မရှိကြောင်းနှင့် လုပ်ငန်းကဏ္ဍအလိုက် သက်ဆိုင်ရာ လမ်းညွှန်ချက်များ ရှိလာပါက EIA အကြံပေးများနှင့် ကုမ္ပဏီများအတွက် အကျိုးရှိစေမည်ဟု ဖော်ပြခဲ့ကြသည်။ တက်ရောက်လာသူများ၏ နားလည်မှုနှင့် အမြင်များကို ဆန်းစစ်မေးမြန်းသည့် အစီအစဉ်အရ စိုက်ပျိုးခင်း မည်သည့် အရွယ်အစား နှင့် မည်သည့် အမျိုးအစားများအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ် ခြင်း(EIA) လုပ်ဆောင်ရန် လိုအပ်ကြောင်း မသိရှိကြကြောင်းလည်း တွေ့ရှိခဲ့ရသည်။

MCRB ၏ Director Ms. Vicky Bowman မှ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံရှိ မူဝါဒများ၊ ကုလသမဂ္ဂ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံဖြိုးတိုးတက်ရေးအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း အစရှိသော အဖွဲ့အစည်းများမှ ချမှတ်ထားသော နိုင်ငံတကာစံချိန်စံညွှန်းများနှင့် တာဝန်ယူမှုရှိသော နှစ်ရှည်သီးနှံစိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှုများ ပေါ်ထွက် လာစေရေးအတွက် ဝန်ကြီးဌာနအသီးသီးမှ ချမှတ်ထားသော ဥပဒေ မူဘောင်များကို ချပြဆွေးနွေးခဲ့သည်။ တာဝန်ယူမှုရှိသော စီးပွားရေး ကျင့်ဝတ်ဟူသည် မြန်မာဥပဒေများနှင့် ကိုက်ညီအောင် လိုက်နာ ကျင့်သုံးခြင်းအပြင်  due diligence ဟုခေါ်တွင်သော “ဖြစ်နိုင်ခြေရှိသည့် သက်ရောက်မှုများအား ကြိုတင်သိမြင်ရန် စစ်ဆေးခြင်းနှင့် ထိခိုက်စေနိုင် သည့် သက်ရောက်မှုများအား ကြိုတင်တားဆီးခြင်းလုပ်ငန်း” ကိုလည်း လိုက်နာကျင့်သုံးခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုတွင် အကျိုးသက်ဆိုင်သူများနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများ လမ်းညွှန်ချက်များနှင့်အညီ အဓိပ္ပါယ်ရှိသော စေ့စပ်ဆွေးနွေး လုပ်ဆောင်ခြင်းများ ပါဝင်ရမည်ဖြစ်ပြီး ယင်းသို့လုပ်ဆောင်ရာတွင် ထိခိုက်ခံ ဒေသခံပြည်သူလူထုပါ ပူးပေါင်းပါဝင်နိုင်ရမည်ဖြစ်သည်။ Mr. Gaurav Gupta, Sustainble Business Programme Manager, World Wildlife Fund (WWF) မှ ရေရှည်တည်တံ့သောရာဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြန်မာနိုင်ငံရှိ ရာဘာကဏ္ဍတွင် လက်ရှိ ကြုံတွေ့နေရသော အခက်အခဲများနှင့် ၎င်းတို့ကိုမည့်သို့ဆွေးနွေး အဖြေရှာသင့်ကြောင်းတို့ကို ရှင်းလင်း တင်ပြခဲ့သည်။ မက်(စ်)မြန်မာ၏ ကုမ္ပဏီခွဲဖြစ်သော ရွှေရောင်ပြစိုက်ပျိုးရေးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးမောင်မောင်သက်မှလည်း ရာဘာစိုက်ပျိုးထုတ်လုပ်နေသည့် လုပ်ငန်းအတွေ့အကြုံများ၊ ဒေသခံများနှင့် အခြားအကျိုးသက်ဆိုင်သူများ ၏ အကျိုးစီးပွားအတွက် မည်သို့ကိုင်တွယ်ဆောင်ရွက်ကြောင်း မျှဝေဆွေးနွေးပေးခဲ့သည်။

Ms. Junzuo Zhang (တရုတ်နှင့် ဗြိတိန်တို့မှ ပူးပေါင်းလုပ်ကိုင်လျက်ရှိ သည့် နိုင်ငံတကာ သစ်တောရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလုပ်ငန်း အစီအစဉ် InFIT)နှင့် Ms. Zhang Huichun (တရုတ်နိုင်ငံ ဓာတ်သတ္တုနှင့် ဓာတု ပစ္စည်းများ ကုန်သည်ကြီးများအသင်း CCCMC)တို့မှ ရေရှည် တည်တံ့သောနည်းဖြင့် သဘာဝရာဘာ ထုတ်လုပ် ရေးအတွက် CCCMC မှ ထုတ်လုပ်ထားသည့် လမ်းညွှန်ချက်ကို မိတ်ဆက်ပေးခဲ့ပြီး တရုတ်လုပ်ငန်း ရှင်များ အတွက် ရေရှည်တည်တံ့သော ဆီအုန်းထုတ်လုပ်ခြင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် လိုက်နာသင့်သော လမ်းညွှန်ချက်များ ကိုလည်း မိတ်ဆက်တင်ပြခဲ့ကြသည်။ အဆိုပါလမ်းညွှန်ချက်စာတမ်း နှစ်ခုစလုံး သည် တရုတ်နှင့် ဗြိတိန်အစိုးရတို့မှ ပူးပေါင်းလုပ်ဆောင်ခြင်းမှ ထွက်ပေါ်လာသည့် အရေးကြီးသော ရလာဒ်များ ဖြစ်သည်။ နိုင်ငံတွင်းရှိ ဥပဒေမူဘောင်များနှင့် နိုင်ငံတကာစံချိန်စံညွှန်းများကို အသုံးပြုရာတွင် တွေ့ရှိရသော စိန်ခေါ်မှုများကို ဆွေးနွေးသည့် နောက်ဆုံးအစီအစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ပိတ်သိမ်းခဲ့ပြီး အဆိုပါ အစီအစဉ်ကို Oxfam မြန်မာမှ Policy Advisor, Mr Duncan Pruett မှ ဦးဆောင်ပေးခဲ့သည်။ အဆိုပါဆွေးနွေးသုံးသပ်မှုတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဟောင်း တစ်ဦးဖြစ်ပြီး မြန်မာ့ဆီအုန်း စိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေးအသင်း၏ အကြံပေးဖြစ်သည့် ဦးဇော်ဝင်းမှ စစ်အစိုးရလက်ထက်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဆီအုန်းကဏ္ဍဖွံ့ဖြိုးရေး လုပ်ဆောင်ချက် ကြောင့် ယခုထိဖြေရှင်းရန် လိုအပ်နေသေးသော မြေယာပြဿနာနှင့် စိန်ခေါ်မှုများရှိနေသေးကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။ Mr. Stefan Chapman(Partner, SCM legal (Myanmar))မှ  ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာ စံချိန်စံညွှန်းများကို မည်သို့အသုံးပြုနိုင်ကြောင်း၊ မြန်မာနိုင်ငံ ကုမ္ပဏီ ဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေတို့မှ ကုမ္ပဏီတစ်ခု၏ လုပ်ငန်းဆောင်ရွက်မှုများကို မည်သို့ထိန်းကွပ်သွားနိုင်ကြောင်းနှင့် ကုမ္ပဏီဒါရိုက်တာ၏ တာဝန်များအပေါ် အလေးပေးမှုများပြားလာခြင်း တို့ကို ထည့်သွင်းဆွေးနွေးခဲ့သည်။ ကချင်ပြည်နယ် လွှတ်တော်၏ ဒုတိယ ဥက္ကဌ ဦးခန်းလင်မှ ကချင်ပြည်နယ်တွင်း ဌက်ပျောစိုက်ခင်းများ အထိန်းအကွပ်မဲ့ တိုးချဲ့လုပ်ကိုင်လာမှုသည် အခက်အခဲ တစ်ရပ်ဖြစ်နေ သည်ဟု တင်ပြခဲ့သည်။

Aအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူအားလုံးသည် အနာဂတ်တွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံများသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လုပ်ဆောင်နိုင်လာလိမ့်မည်ဟု မျှော်လင့်ကြပြီး  ယခုလက်ရှိအခြေအနေတွင်မူ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းလည်ပတ်နေသော စိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှုများ မရှိသေးဟု ထင်မြင်ကြောင်း (၇၂)%သော ပွဲတက်ရောက်လာသူများမှ ဖြေဆိုခဲ့ကြသည်။

အကျိုးသက်ဆိုင်သူများ အားလုံးပါဝင်သော ယခုအလုပ်ရုံဆွေးနွေးပွဲသည် Oxfam နှင့် အတူပူးပေါင်း၍ MCRB မှ လက်ရှိအချိန်တွင် အဓိကထား ဆောင်ရွက်လျက်ရှိသည့် တာဝန်ယူမှုရှိသော အကြီးစားစိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှုများပေါ်ထွက်လာစေရေး၏ တစိတ်တဒေသဖြစ်သည်။ ဆက်လက်၍ Oxfam နှင့် MCRB တို့မှ ပူးပေါင်း၍ လက်ရှိအချိန်တွင် စာတမ်းတစ်စောင်ပြုစုနေပြီး (စာတမ်းအကြောင်း အနည်းငယ်ကို အလုပ်ရုံဆွေးနွေးပွဲအတွင်း MCRB ၏ ဆွေးနွေးတင်ပြမှုတွင် အကျဉ်းချုပ် ထည့်သွင်းတင်ဆက်ခဲ့ပါသည်) အဆိုပါစာတမ်းသည် ကုမ္ပဏီစည်းမျဉ်းစည်းကမ်းများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအပါအဝင် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများ အစရှိသည်တို့ကို ခြုံငုံလေ့လာသွားမည် ဖြစ်ပါသည်။ စာတမ်းမူကြမ်း ထွက်ရှိလာပါက Oxfam နှင့် MCRBသည် သဘောထားမှတ်ချက်နှင့် အကြံဥာဏ်များကို လက်ခံရယူရန် လာမည့်အပတ်များတွင် ဖိတ်ကြားသွားပါသည်။

ဧပြီလ ၂၇ရက် အကျိုးသက်ဆိုင်သူများနှင့် အလုပ်ရုံဆွေးနွေးပွဲအစီအစဉ်။
အင်္ဂလိပ် | မြန်မာ

 

© 2024 Myanmar Centre for Responsible Business