ရေရှည်တည်တံ့၍ အရည်အသွေးရှိသော ခရီးသွားလုပ်ငန်းခရီးစဉ်ကို မြန်မာစတင်နိုင်မည်လား
မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB) ကပြုလုပ်ခဲ့သည့် မြန်မာခရီးသွားလုပ်ငန်းကဏ္ဍ၏ သက်ရောက်မှုများလေ့လာဆန်းစစ်ခြင်း (SWIA on Tourism) ကို ယနေ့ထုတ်ပြန်လိုက်သည်။ ယင်းတွင် မြန်မာ့ခရီးသွား ကဏ္ဍ အပေါ်ကျရောက် နိုင်သော ကောင်းကျိုးဆိုးကျိုး သက်ရောက်မှုများနှင့် ရွေးချယ်မှုပြုရမည်တို့ကို မီးမောင်းထိုးပြထား ပါသည်။ MCRB၏ ဒုတိယ အကြိမ်မြောက်ပြုလုပ်သော (SWIA) သည် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍ၏ သက် ရောက်မှုများကို လေ့လာဆန်းစစ်ခြင်း (SWIA on Oil and Gas) နောက်တွင် ပြုလုပ်ထားပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုကြောင့် ဖြစ်ပေါ်နေသော၊ ဖြစ်ပေါ်နိုင်ဖွယ်ရှိသော သက်ရောက်မှုများကို မီးမောင်းထိုးပြထား ပါသည်။ ပုဂံ၊အင်းလေး နှင့်ကျိုက်ထီးရိုးကဲ့သို့သော မြန်မာနိုင်ငံ၏ အထင်ကရနေရာအချို့သည် ခရီးသွားလုပ်ငန်းကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် လူမှုဘ၀များအပေါ်ဖိအားများ ကျရောက်နေပြီဖြစ်သည်။ ဒေသတွင်းနေထိုင်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် ခရီးသွားများ လာရောက်လည်ပတ်ရာ ထိုနေရာများ၏ ရေရှည်တည်မြဲမှုကို အကျိုးသက်ရောက်နေပြီဖြစ်သည်။ ကောင်းကျိုးများကို တိုးပွား စေပြီး၊ဆိုးကျိုးများလျော့ပါးစေရန် ရည်ရွယ်ပြီး အစိုးရ၊ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ခရီးသွားများ နှင့် အခြားပါဝင်ပတ်သက်သူများကို မြန်မာခရီးသွားလုပ်ငန်းကဏ္ဍ၏ သက်ရောက်မှုများလေ့လာဆန်းစစ်ခြင်းက အကြံပြုချက် များပေးပါသည်။
မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသောခရီးသွားလုပ်ငန်းကို တွန်းအားပေးရန်အတွက် အစိုးရကမူဝါဒအချို့ ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။ သို့သော် စွမ်းရည်နှင့် အရင်းအမြစ်မရှိခြင်းက ၄င်းမူဝါဒများကို အကောင်အထည်ဖော်ရာတွင် မပြည့်စုံမှုကို ဖြစ် စေသည်။ အစီရင်ခံစာထုတ်ဝေရာတွင် MCRB၏ ဒါရိုက်တာ ဗစ်ကီဘိုးမင်းက “ လတ်တလောမှာ ဟိုတယ်တည်ဆောက်ရေး လို အခြေခံအဆောက်အဦပိုင်းကိုပဲ ဦးစားပေးအားထုတ်နေကြတယ်။ မြန်မာက အဲဒီအမည်ခံ ဟိုတယ်ဇုန်တွေ ခပ်မြန်မြန် တည်ဆောက်နေတာတွေကို ထိန်းဖို့လိုတယ်။ အဲဒီနေရာတွေက ဟိုတယ်တွေဆောက်နိုင်ဖို့ မြေသိမ်းထားတာတွေရှိတယ်။ တခါတရံမှာ သဘ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် ထိခိုက်လွယ်တဲ့နေရာတွေ ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ရဲ့ ကွင်းဆင်း သုတေ သနတွေမှာ ထပ်ခါထပ်ခါဖော်ပြထားတာကတော့ “တွေ့ရှိရသော ဆိုးကျိုးသက်ရောက်မှုမှာ ဟိုတယ်ဇုန်များ နှင့်ပတ်သက်နေသည်” ဆိုတာပဲ ဖြစ်ပါတယ်။ ဘာလိုအပ်နေသလဲဆိုတော့ အစိုးရရဲ့ “မြန်မာနိုင်ငံခရီးသွားလုပ်ငန်း မဟာစီမံကိန်း” မှာ ဖော်ပြထား တဲ့ “ခရီးသွားများ လာရောက်လည်ပတ်ရာနေရာအုပ်ချုပ်မှုနှင့် ဇုန်အလိုက် စီမံကိန်းမူဘောင် ရေးဆွဲရေး နည်းလမ်း” ပါ။ အဲဒါက ဟိုတယ်ဇုန်တည်ထောင်တာနဲ့ မတူပါဘူး။ ”ဟုပြောသည်။
ဆန်းစစ်လေ့လာချက်အရ ဒေသခံများသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဆုံးဖြတ်ချက်ချရာတွင် လုံလောက်သော စေ့စပ်ညှိနှိုင်းမှုများ မရရှိသည်ကို တွေ့ရသည်။ “ စေ့စပ်ညှိနှိုင်းခြင်း၊ အကြံဉာဏ်ရယူခြင်းနှင့် ပါဝင်ပတ်သက်သူများ၏ ပူပေါင်းပါဝင်ခြင်းတွေက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ အစောပိုင်းကတည်းက ရှိသင့်ပါတယ်။ အထူး သဖြင့် လူနည်းစုဒေသတွေနဲ့ ပဋ္ဋိပက္ခလွန်နေရာတွေမှာ ပိုအရေးကြီးပါတယ်။ အဲဒီနေရာတွေမှာ ပဋိပက္ခဖြစ်ရတဲ့အကြောင်း နဲ့ ဒေသခံတွေကလည်း ခရီးသည်တွေအတွက် ဖွင့်လှစ်လိုက်တဲ့ ခရီးသွားလုပ်ငန်းနေရာနဲ့ အကျိုးအမြတ်ခွဲဝေမှုအပေါ် ဘယ်လိုမြင်ချင်လဲဆိုတာကို နားလည်မှုရှိအောင် ခရီးသွားလုပ်ငန်းတွေက အချိန်ယူ ဖို့လိုပါတယ်” ဟု ဒိန်းမတ် အခြေစိုက် Danish Institute for Human Rights (DIHR)မှ အယ်လန်ဂျော်ဂျန်စန် ကပြောသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ၏ သက်ရောက်မှုများလေ့လာဆန်းစစ်ခြင်းအစီရင်ခံစာတွင် ခရီးသွားလုပ်ငန်းမှ ထင်ရှားသော အလုပ်အကိုင်အခွင့်အလမ်းနှင့် ဆင်းရဲမှုလျော့ချရေးတို့ကို ထင်ရှားအောင်ဖော်ပြထားပါသည်။ ထို့အတူ ဖြစ်နိုင်ချေရှိသော ခြိမ်းခြောက်မှုနှင့် ဒေသတွင်းအရှေ့တောင်အာရှနိုင်ငံများဖြစ်သော ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှ အတွေ့အကြုံများကို ရယူခြင်းတို့ကိုလည်း ဖော်ပြထားပါသည်။ ဥပမာအားဖြင့် ကလေးသူငယ်တွေဟာ ‘မိဘမဲ့ဂေဟာများသို့ သွားရောက်သည့် ခရီးသွား လုပ်ငန်း’နဲ့ အချို့သော ‘စေတနာ့ဝန်ထမ်း ခရီးသွားလုပ်ငန်းများ”၏ သက်ရောက်မှုတွေကြောင့် ထိခိုက်နစ်နာမှုတွေရှိနိုင်ကြပါတယ်။ ထိုအချက်နှင့် အခြား အချက်များအပေါ်တွင် ဤအစီရင်ခံစာက သက်ဆိုင်ရာနိုင်ငံတကာစံနှုန်းများနှင့် လုပ်ဆောင်မှုများကို ဖော်ပြထားသည်။ ထို့အပြင် မြန်မာနှင့် အခြားနိုင်ငံများက ကျင့်သုံးသည့်အလေ့ကျင့်ကောင်းများကိုလည်း အလေးဂရုပြု ဖော်ပြထားပါသည်။
ဗစ်ကီဘိုးမင်းက“ ၂၅နှစ်လောက် မြန်မာနိုင်ငံကိုလည်ပတ်သွားလာပြီးကျွန်မသိလာရတဲ့အသိက မြန်မာနိုင်ငံမှာ ဂေဟဗေဒနဲ့ ယဉ်ကျေးမှုတွေမှာ ထိတွေ့ကိုင်တွယ်လို့ရတာရော မရတာရော ပိုင်ဆိုင်မှုတွေအများကြီး ရှိတယ်။ ဒီကြွယ်ဝတဲ့ ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့အတွက်ထိပ်တန်းဦးစားပေးထားတယ်လို့ မြန်မာလူမျိုးတွေက ကျွန်မတို့ကို ပြောပါတယ်။ ရွေးချယ်နိုင်ဖို့ အခွင့်အလမ်းတွေရှိတာ နိုင်ငံအတွက် ကံကောင်းပါတယ်။ ခရီးသွားတွေ အများကြီးလာတဲ့ ဘာလီတို့ ထိုင်းတို့နဲ့ ယှဉ်နိုင်ဖို့ကြိုးစားနိုင်ပါတယ်။ ဒါပေမယ့်  အန္တရာယ်ရှိတာကခရီးသွားလုပ်ငန်းနေရာ တွေကို ပြောင်းလဲသွားစေနိုင်ပါတယ်။ အခြား တစ်ဘက်မှာ မြန်မာက သူ့ရဲ့ကွဲပြားတဲ့ယဉ်ကျေးမှုနဲ့ဂေဟစနစ်ကိုကာကွယ်ပြီး အထောက်အကူပြုနိုင်တဲ့ ခရီးသွားလုပ်ငန်းကို ချိတ်ဆက်နိုင်ပါတယ်။ အဲဒီရွေးချယ်မှုတွေလုပ်နိုင်ဖို့ကတော့ ဒေသတွင်းမှာ ရော ပြည်ထောင်စုအဆင့်တွေမှာပါ ပူးပေါင်းပါဝင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့လိုပါတယ်။ ” ဟုမှတ်ချက်ပြုသည်။
နောက်ခံအကြောင်း ခရီးသွားလုပ်ငန်းကဏ္ဍ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်းအကြောင်း (Sector-Wide Impact Assessment on Tourism) ၁။ SWIA ၏ အင်္ဂလိပ် - မြန်မာနှစ်ဘာသာ အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုချက်များ နှင့် SWIA အစီရင်ခံစာအပြည့်အစုံ (လောလောဆယ်တွင် အင်္ဂလိပ်ဘာသာဖြင့်သာ ရရှိသေးသည်) ကို https://www.myanmar-responsiblebusiness.org/news/swia/ ကြည့်ရှုနိုင် ပါသည်။ ၂။ SWIA သည် တစ်ဆင့်ရရှိသော မှတ်တမ်းများ၊ သတင်းမှတ်တမ်းများအား အခြေခံ၍ (Desk-based) သုတေသနပြုခြင်းနှင့် ခရီးသွားလုပ်ငန်းများ လုပ်ကိုင်နေသည့် မြန်မာပြည်တွင်းနေရာ ၆ ခု တွင် ကွင်းဆင်းလေ့လာမှုများကို အခြေခံ၍ (Field-based) သုတေသနပြုခြင်း စသည့်သုတေသနများကို အခြေခံ၍ လုပ်ဆောင်ထားသည်။ SWIA လုပ်ဆောင်ရာတွင် ခရီးသွားလုပ်ငန်း ကဏ္ဍနှင့်သက်ဆိုင်သည့် မြန်မာနိုင်ငံ၏ လက်ရှိ တည်ရှိနေသည့် မူဝါဒပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ မူဘောင်သတ်မှတ်ချက်များ အပေါ် အသေးစိတ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ချက်များ ပါဝင်သလို ခရီးသွားလုပ်ငန်းစီးပွားရေးဆိုင်ရာ တန်ဖိုးမြှင့်လုပ်ငန်းစဉ်၊ ခရီးသွားလုပ်ငန်းကဏ္ဍ သက်ရောက်မှု အားဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲရမည့် အခြားအကြောင်းအရာများလည်းပါဝင်သည်။ ၃။ SWIA လုပ်ဆောင်စဉ် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများကို ဆန်းစစ်ရာတွင်၌ ရှိပြီးဖြစ်သော စနစ် တကျဆောင်ရွက်ပုံ အဆင့်ဆင့် (Methodology)တို့ကို အသုံးပြုခဲ့သည့်အပြင် လူ့အခွင့်အရေး ရှုထောင့်မှလည်း ကြည့်ရှု လေ့လာခဲ့ ပါသည်။ မြန်မာခရီးသွားလုပ်ငန်းကဏ္ဍ၏ သက်ရောက်မှုများလေ့လာဆန်းစစ်ခြင်း နှင့် စနစ် တကျဆောင်ရွက်ပုံ အဆင့်ဆင့် (Methodology)တို့ကို MCRB ၏ တည်ထောင်သူအဖွဲ့အစည်း Danish Institute for Human Rights (DIHR)နှင့် Institute for Human Rights and Business (IHRB) ပူးပေါင်းဖော်ထုတ်ထားပါသည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ရေနံနှင့်သဘာဝဓာတ်
ငွေ့လုပ်ငန်း ကဏ္ဍ၏ သက် ရောက်မှုများကို လေ့လာဆန်းစစ်ခြင်းကို ထုတ်ပြန်ထားပြီး သတင်းအချက်အလက်နှင့် နည်းပညာ ကဏ္ဍ၏ သက်ရောက်မှုများကို လေ့လာဆန်းစစ်ခြင်း နှင့် စိုက်ပျိုးရေး ကဏ္ဍ၏ သက်ရောက်မှုများကို လေ့လာဆန်းစစ်ခြင်းတို့ကို ဆောင်ရွက်နေပါသည်။ ၄။ SWIA လုပ်ဆောင်ရာတွင် အမှန်တကယ်သက်ရောက်မှုများနှင့် ဖြစ်ပေါ်လာဖွယ်ရှိသည် သက်ရောက် မှုများကို အဆင့် (၃) ဆင့်ခွဲ၍ လေ့လာဆန်းစစ်ပါသည်။ လုပ်ငန်းကဏ္ဍ၏သက်ရောက်မှုအဆင့်တွင် လုပ်ငန်းကဏ္ဍတစ်ခုလုံး၏ သက်ရောက်မှု အပေါင်းအစုကို လေ့လာဆန်းစစ်ပြီး မြန်မာ့လူမှု အသိုင်းအဝိုင်းနှင့် လုပ်ငန်းကဏ္ဍ၏ အပြန်အလှန် ဆက်ဆံဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြချက်များ လည်းပါဝင်မည်၊ (အပိုင်း-၃)။ ထို့အတူ ခရီးသွားကဏ္ဍ၏ တိုင်းရင်းသားလူနည်းစုနေရာများတွင် သက်ရောက်မှု လည်းပါဝင်မည် ဖြစ်သည်။ (အပိုင်း ၃-၁)။ စီမံကိန်း၏ သက်ရောက်မှု အဆင့် နှင့်စုပေါင်းသက်ရောက်မှုအဆင့်တွင် သက်ရောက်မှုရှိသည့် နယ်ပယ် ၈ ခုကို ဆန်းစစ်မည်။ ၎င်းတို့မှာ- စီမံကိန်းတွင် ဆက်စပ်ပတ်သက်ပါဝင်သူများ၊ အဆိုးအကောင်းကို ခံစားကြရမည့်သူများနှင့် ဆက်ဆံ ဆောင်ရွက်ခြင်း၊ နစ်နာချက်များကို တင်ပြနိုင်မည့် လုပ်ငန်းစဉ်၊ ရပ်ရွာအသိုင်းအ၀ိုင်း၊ မြေယာ၊ လုပ်အား၊ အန္တရာယ်ကျရောက်နိုင်သော လူအုပ်စုများ၊ ယဉ်ကျေးမှု၊ လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင် တို့ဖြစ်သည်။ (အပိုင်း ၄)။ ၅။ SWIA သည် နိုင်ငံတကာအဖွဲ့ အစည်းများ အထူးသဖြင့် ကုလသမဂ္ဂ၊ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း(International Finance Corporation – IFC)၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (Organization for Economic Corporation and Development – OECD) နှင့် ခရီးသွားကဏ္ဍအတွက် တိကျသောစံနှုန်းတို့ မှထုတ်နုတ်ထားသည့် စံသတ်မှတ်ထားသော စီးပွားရေး လုပ်ငန်းများ၏ တာဝန်ယူမှုရှိသော အပြုအမူများကို အထူးပြုဖော်ပြထားသည်။ အစီရင်ခံစာသည် ၄င်းအကြံပြုချက်များကို မည်သို့ မူဝါဒရေးဆွဲရမည် အသုံးချရမည်တို့ကို အကြံပြုထားသည်။ ၆။ မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းကဏ္ဍမှ အဓိကပါဝင်သူ အသီးသီး အတွက် ထောက်ခံအကြံပြုချက်အနှစ်ချုပ်ကို အောက်တွင် နောက်ဆက်တွဲ ဖော်ပြထားသည်။ယင်းတို့အား မည်သို့အကောင်အထည်ဖော်မည်နည်းဆိုသည့် ထောက်ခံအကြံပြုချက်များနှင့် အကြံပြုချက်များအပြည့်အစုံသည် အစီရင်ခံစာအပြည့်အစုံတွင် ပါရှိသည်။ (အပိုင်း ၇) အစီရင်ခံစာရေးသားကြသူများအကြောင်း ၁။ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ကို ယူကေ အခြေစိုက် Institute for Human Rights and Business (IHRB) နှင့် ဒိန်းမတ် အခြေစိုက် Danish Institute for Human Rights (DIHR) တို့၏ ပူပေါင်းဆောင်ရွက်မှုဖြင့် ၂၀၁၃ ခုနှစ် တွင်ဖွဲ့စည်းကာ ရန်ကုန်တွင် အခြေစိုက်ဖွင့်လှစ်ထားသည်။ ရန်ပုံငွေများကို ပြည်ပအစိုးရအလှူရှင်များမှ ထောက်ပံ့ပေးထားသည်။ မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အထများပေါ်ပေါက်လာစေရန် အစိုးရ၊ စီးပွားရေးလုပ်ငန်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား အသိပညာ၊ စွမ်းရည်နှင့်စကားဝိုင်းများ ဖန်တီးရန်အတွက် လမ်းကြောင်း (platform)တစ်ခု ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်သည်။ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုသည်မှာ နိုင်ငံတကာစံသတ်မှတ်နှုန်းများကို အခြေခံ၍ လူမှုရေးတာဝန်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုတို့ဖြင့် မြန်မာပြည်သူ၊ ပြည်သားများ၏ ရေရှည်အကျိုးစီးပွားအတွက် ဆောင်ရွက်သော စီးပွားရေးလုပ်ငန်းအား လုပ်ဆောင်ခြင်းကိုဆိုလိုသည်။