ပုဂ္ဂလိကကဏ္ဍနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်ထားရှိမည့်အခြေခံမူများ - Myanmar Centre for Responsible Business (MCRB)
You are here Home » ပုဂ္ဂလိကကဏ္ဍနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်ထားရှိမည့်အခြေခံမူများ

ပုဂ္ဂလိကကဏ္ဍနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်ထားရှိမည့်အခြေခံမူများ

တာဝန်ယူမှုတာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန် လုပ်ငန်းတာဝန်(mission)၏ တစ်စိတ်တစ်ဒေသ အဖြစ် လူ့အခွင့်အရေးနှင့် တာဝန်ယူမှုရှိသောစီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ခြင်း အပါအဝင် အကြံအဉာဏ်ပေးခြင်းများကို မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ချိတ်ဆက်ဆောင်ရွက်ရာတွင် နိုင်ငံတိုင်းသည် လူ့အခွင့်အရေးကို လေးစားလိုက်နာရန်၊ကာကွယ်ရန် နှင့်ဖြည့်ဆည်းပေးရန် ဆောင်ရွက်ရမည့်တာဝန်ရှိသလို စီးပွားရေးလုပ်ငန်းများအနေနှင့်လည်း ဘေးပယောဂမပါပဲ လူ့အခွင့်အရေးကို လေးစားလိုက်နာရန် တာဝန်ရှိသည် ဆိုသည့် ကမ္ဘာ့ကုလသမဂ္ဂမှချမှတ်ထားသော စီးပွားရေးနှင့်လူ့အခွင့်အရေးအခြေခံမူများပေါ်တွင်အခြေခံ ထားသည်။

စီးပွားရေးလုပ်ငန်းများအနေနှင့် ထိုတာဝန်ခံမှုအပြင် နေ့စဉ် လုပ်ငန်းလည်ပတ်လုပ်ကိုင်ရာ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းအတွင်းတွင် ရေရှည်တည်တံ့သောဖွံ့ဖြိုးမှုပေါ်ပေါက်လောက်အောက် အထောက်အပံ့ပေးခြင်းအားဖြင့်လည်း လူအခွင့်အရေးကို အပြည့်အဝ တိုးမြှင့်ခံစား စံစားနိုင်အောင် အထောက်အကူပြုနိုင်သော အရေးပါသည့် အစွမ်းအစရှိသည်ဟု MCRB အနေနှင့် ရှုမြင်မိပါသည်။

ထို့အပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) မှ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများအတွက် ထုတ်ပြန်သည့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ကိုင်ဆောင်ရွက်ပုံလမ်းညွှန်နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)၊ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) နှင့် ကမ္ဘာ့ဘဏ် (World Bank)တို့မှထုတ်ပြန်သည့် အခြားနိုင်ငံတကာ စံချိန်စံညွှန်းများကိုလည်း MCRB မှ ဆောင်ရွက်ရာတွင် ညွှန်းဆိုကိုးကားလျက်ရှိသည်။

MCRB နှင့် ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းအဖွဲ့အစည်းများ အကြားချိတ်ဆက် ဆောင်ရွက်မှုများအားလုံးကို အောက်ဖော်ပြပါ နှစ်ဦးနှစ်ဘက်အကြား အပြန်အလှန်နားလည်မှုဖြင့် လုပ်ဆောင်သွားသင့်ပါသည်။ ပုဂ္ဂလိကကဏ္ဍနှင့်ချိတ်ဆက်ဆောင်ရွက်ရာတွင် ထားရှိမည့်အခြေခံမူများတွင် ပါဝင်သည့်အချက်များမှာ -

  1. ပုဂ္ဂလိကကဏ္ဍလုပ်ငန်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် MCRB ၏ အဓိကရည်မှန်းချက်မှာ ပုဂ္ဂလိကကဏ္ဍလုပ်ငန်းအဖွဲ့အစည်းများ ၏ လူ့အခွင့်အရေးနှင့် တာဝန်ယူမှုရှိသောစီးပွားရေး လုပ်ဆောင်ပုံများအပေါ် အလေးထားမှု မြင့်မားလာစေရန်ဖြစ်ပါသည်။
  2. လူ့အခွင့်အရေးအပေါ် သက်ရောက်နိုင်သည့် ဆိုးကျိုးများကို ရှောင်ရှားရန်၊ ဖြေရှင်းရန် နှင့် အရှည်သဖြင့် တည်တံ့သော ဖွံ့ဖြိုးရေးကို အထောက်အကူပြုရန်ဟူသော ရည်ရွယ်ချက်ကောင်းများ အပေါ်အခြေခံ၍ ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းအဖွဲ့အစည်းများအနေနှင့် ချိတ်ဆက်ဆောင်ရွက်ကြမည်ဟု MCRB ဘက်မှ မျှော်လင့်ပါသည်။ အဆိုပါ အကျိုးရလဒ်ကောင်းများ ထွက်ပေါ်လာခြင်းမရှိဟု MCRB အနေဖြင့် စစ်ဆေးတွေ့ရှိပါက ၎င်း ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းအဖွဲ့အစည်းနှင့် တက်ကြွစွာ ချိတ်ဆက်ဆောင်ရွက်မှုအား ရပ်ဆိုင်းသွားမည်ဖြစ်သည်။
  3. အကြံဉာဏ်ပေးမှုများကို MCRB ၏ ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသော လုပ်ဆောင်မှုများ၏ တစ်စိတ်တစ်ဒေသအနေနှင့် ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းအဖွဲ့အစည်းများဘက်မှ တောင်းဆိုလာသည့်အပေါ်မူတည်၍ အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။ ဥပဒေရေးရာ အကြံပေးမှုများ နေရာတွင် အစားထိုးရန် ရည်ရွယ်၍ဆောင်ရွက်ခြင်းမဟုတ်ပါ။ ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းအဖွဲ့အစည်းများအနေနှင့် တတ်ကျွမ်းသူများထံမှ ဝန်ဆောင်မှုနှင့် အကြံဉာဏ်များကို လိုအပ်သလို ဆက်သွယ်ရယူကြရန်လည်း တိုက်တွန်းပါသည်။
  4. ချိတ်ဆက်ဆောင်ရွက်မှုများမလုပ်ဆောင်မီ MCRB အနေနှင့် ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းအဖွဲ့အစည်းများကို အမြဲစိစစ်လေ့ရှိပါသည်။ အပြည်ပြည်ဆိုင်ရာမှ ချမှတ်သည့် ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုများ ခံထားရသော ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းအဖွဲ့အစည်းများကို ရန်ပုံငွေထောက်ပံ့သူများ၏ သဘောတူညီမှုမပါပဲ တိုက်ရိုက် ချိတ်ဆက်ဆောင်ရွက်မည်မဟုတ်ပါ။
  5. ချိတ်ဆက်ဆောင်ရွက်သော ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းအဖွဲ့အစည်းများ မည်သူမည်ဝါြဖစ်သည်ကိုလည်း MCRB မှ ရန်ပုံငွေထောက်ပံ့သည့် အဖွဲ့အစည်းများထံ ထုတ်ဖော်အသိပေးသွားမည်ဖြစ်ပြီး ကုမ္ပဏီများ ပါဝင်သည့် လူသိရှင်ကြားချိတ်ဆက်ဆောင်ရွက်မှုများနှင့်ပတ်သက်သည့် အချက်အလက်များကိုလည်း MCRB ၏ ဝက်ဘ်ဆိုက် စာမျက်နှာပေါ်တွင် ထုတ်ဖော်အသိပေးသွားမည်ဖြစ်သည်။
  6. MCRB သည် ဘက်မလိုက်သည့်အပြင် အမှီအခိုကင်းသော လူ့အခွင့်အရေးဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အလျောက် မည်သည့် ပုဂ္ဂလိက ကဏ္ဍလုပ်ငန်း အဖွဲ့အစည်းကိုမျှ အားပေးထောက်ခံခြင်း၊ ချီးကျူးဂုဏ်ဖော်ခြင်းမျိုးဆောင်ရွက်မည်မဟုတ်ပါ။ ထို့အပြင် MCRB နှင့် ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းအဖွဲ့အစည်းကြား ချိတ်ဆက်ဆောင်ရွက်ခြင်းမှာလည်း ၎င်းအဖွဲ့အစည်းကို MCRB မှ အားပေးထောက်ခံခြင်း၊ ချီးကျူးဂုဏ်ဖော်ခြင်းမျိုး မဟုတ်ပါ။
  7. MCRB နှင့် ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းအဖွဲ့အစည်း ကြား ချိတ်ဆက်ဆောင်ရွက်မှုနှင့်ပတ်သက်၍ ပြင်ပတွင် အသိပေးပြန်ကြားလိုပါက ထိုသို့မလုပ်ဆောင်မီ MCRB ၏ သဘောတူညီမှုကို ရယူရမည်ဖြစ်သည်။ MCRB ၏ အမည် နှင့် အမှတ်တံဆိပ်သုံးစွဲမှုနှင့် ပတ်သက်၍လည်း MCRB ၏ ကြိုတင်သဘောတူညီချက်ယူရမည်ဖြစ်သည်။ အသိပေးပြန်ကြားမှုများလုပ်ဆောင်ရာတွင် အချက်အလက်များ တိကျမှန်ကန်ရမည် ဖြစ်ပြီး MCRB ဘက်မှ အားပေးထောက်ခံခြင်း၊ ချီးကူးဂုဏ်ဖော်ခြင်း မျိုးကို ထည့်သွင်းဖော်ပြခြင်းမပြုရပါ။
  8. ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ မှ ရရှိလာသည့် ဗဟုသုတနှင့် အတွေ့အကြုံများကို ၎င်းအဖွဲ့အစည်းများ တောင်းဆိုလာပါက မည်သူမည်ဝါဖြစ်သည်ကိုမဖော်ပြပဲ လူ့အခွင့်အရေးကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်နိုင်ဖို့ရန်သာရည်ရွယ်၍ MCRB မှဖြန့်ဝေပါသည်။ ပုဂ္ဂလိက ကဏ္ဍလုပ်ငန်းအဖွဲ့အစည်းများ အနေနှင့်လည်း လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများကို ၎င်းတို့အနေနှင့် မည်သို့ ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်ကို လူအများသို့ အသိပေးပြန်ကြားပေးရန် တိုက်တွန်းပါသည်။
  9. MCRB သည် လူ့အခွင့်အရေးအခြေခံသည့် ချဉ်းကပ်မှုနှင့် ဆောင်ရွက်သည့်အပြင် MCRB ၏လုပ်ဆောင်မှုကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရသည်ဟု ယုံကြည်သည့် မည်သူမဆို အသုံးပြုနိုင်သည့် မကျေနပ်ချက်များနှင့် တိုင်ကြားမှုများစနစ် တစ်ခုကိုလည်း ထည့်သွင်းဆောင်ရွက်ထားရှိပါသည်။

ဤ အခြေခံမူများကို MCRB ၏ ဒါရိုက်တာများမှ မတ်လ ၁ ရက် ၂၀၂၂ ခုနှစ်တွင် အတည်ပြုခဲ့ပါသည်။ ဤအခြေခံမူများကို ကုမ္ပဏီများထံဖြန့်ဝေသွားမည် ဖြစ်ပြီး MCRB ၏ ဝက်ဘ်ဆိုက် စာမျက်နှာပေါ်တွင်လည်း ထုတ်ပြန်သွားမည်ဖြစ်သည်။

© 2024 Myanmar Centre for Responsible Business