မြန်မာနိုင်ငံတွင် လုပ်ငန်းများဆက်လက်လည်ပတ်လုပ်ကိုင်မှာလား သို့မဟုတ် ပြန်လည်ထွက်ခွာသွားမှာလား? လိုအပ်သည်မှာ လူ့အခွင့်အရေးကို ရှေးရှုသည့် လုပ်ဆောင်မှုနည်းလမ်းပင် ဖြစ်ပါသည်။ - သတင်းစဉ်
You are here Home » သတင်းစဉ် » မြန်မာနိုင်ငံတွင် လုပ်ငန်းများဆက်လက်လည်ပတ်လုပ်ကိုင်မှာလား သို့မဟုတ် ပြန်လည်ထွက်ခွာသွားမှာလား? လိုအပ်သည်မှာ လူ့အခွင့်အရေးကို ရှေးရှုသည့် လုပ်ဆောင်မှုနည်းလမ်းပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းများဆက်လက်လည်ပတ်လုပ်ကိုင်မှာလား သို့မဟုတ် ပြန်လည်ထွက်ခွာသွားမှာလား? လိုအပ်သည်မှာ လူ့အခွင့်အရေးကို ရှေးရှုသည့် လုပ်ဆောင်မှုနည်းလမ်းပင် ဖြစ်ပါသည်။

Photo: Ajay Karpur/Unsplash
Photo: Ajay Karpur/Unsplash

လေ့လာသုံသပ်မှုအား မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business – MCRB) ၏ ဒါရိုက်တာ ဖြစ်သူ Vicky Bowman နှင့်အတူ MCRB အား ပူးတွဲတည်ထောင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် The Institute for Human Rights and Business (IHRB) မှ John Morrison (အလုပ်အမှုဆောင်ချုပ်) နှင့် Salil Tripathi (အကြီးတန်း အကြံပေး၊ ကမ္ဘာ့ရေးရာ) တို့မှ ရေးသားပြီး စီးပွားရေးလုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်း နှင့် မှာယူအပ်နှံခြင်း (sourcing) တို့ ဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့် လုပ်ဆောင်မှုနည်းလမ်း နှင့်ပတ်သက်၍ ဆွေးနွေးရေးသားထားပါသည်။ MCRB မှလည်း မြန်မာနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများ၏ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ အစပြုသော အတွေ့အကြုံများနှင့် နိုင်ငံတကာမှ အလေ့အကျင့်ကောင်းများ ကိုအခြေခံသော မြန်မာနိုင်ငံအတွင်း စစ်အုပ်ချုပ်ရေး ကာလတွင် စီးပွားရေးလုပ်ငန်းများကြောင့် ဖြစ်နိုင်ခြေရှိသော သက်ရောက်မှုများအား လေ့လာစိစစ်ခြင်းကိုပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် (heightened due diligence) လမ်းညွှန် အားလည်း ရေးဆွဲလျက်ရှိပါသည်။

မြန်မာနိုင်ငံတွင်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်မှာ ၇ လတိုင်ခဲ့ပြီဖြစ်ပါသည်။ ထောင်ပေါင်းများစွာသော အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ နှင့် သတင်းသမားများ ဖမ်းဆီးခံရသည့်အပြင် အခြားထောင်ပေါင်းများစွာသောသူတို့လည်း သတ်ဖြတ်ခံခဲ့ရပါသည်။ ဤစိုးရိမ်ဖွယ်ရာ ဖြစ်စဥ်သည်  အတိုက်အခံအဖွဲ့အစည်းများ၏ ခုခံတော်လှန်ရန်နှင့် စစ်ရာဇဝတ်မှုများ၏ သက်သေ အထောက်အထားများကို မှတ်တမ်းတင်ကြရန် တိုက်တွန်းနှိုးဆော်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာခဲ့ပါသည်။ တစ်ချိန်တည်းတွင် အများပြည်သူတို့သည်လည်း ကိုဗစ် ကပ်ရောဂါ တတိယလှိုင်း ကြားတွင် ရုန်းကန်နေကြရလျက်ရှိသည်။ OECD အဖွဲ့ဝင်နိုင်ငံအမြောက်အများမှ တုံ့ပြန်သောအားဖြင့် Magnitsky ဥပဒေ ကဲ့သို့သော အရေးယူပိတ်ဆို့မှုများဖြင့် တပ်မတော်နှင့် ပတ်သက်ဆက်နွယ်နေသည့် လူပုဂ္ဂိုလ်များအား ပစ်မှတ်ထားအရေးယူခဲ့ပြီးဖြစ်ပါသည်။ လူသိများထင်ရှားသည့် လက်နက်အရောင်းအဝယ်လုပ်ကိုင်နေသူ မြန်မာလုပ်ငန်းရှင် ဦးတေဇနှင့် ၎င်း၏ ထူးကုမ္ပဏီများလုပ်ငန်းစု ကို စက်တင်ဘာလ ၂ ရက်နေ့တွင် အင်္ဂလန်နိုင်ငံမှ ယခင်ရှိပြီးဖြစ်သော လက်နက်အရောင်းအဝယ် ပိတ်ဆို့မှုများအပြင် ထပ်လောင်း ပိတ်ဆို့အရေးယူခဲ့ပါသည်။ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဆက်စပ်ပေါ်ပေါက်လာသည့် ရက်စက်ကြမ်းကြုတ်မှုများ နှင့်ပတ်သက်၍ တာဝန်ရှိသူများကို အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းမှ အာရုံစူးစိုက်၍ အရေးယူသည်မှာ သဘာဝကျပါသည်။ သို့သော် ယခုအခါ အခြားသော အဖွဲ့အစည်းများက ၎င်းအရေးယူပိတ်ဆို့မှုများကို တိုးမြှင့်ရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီးပွားရေးအရ လွှမ်းခြုံပိတ်ဆို့မှု ပြုလုပ်ရန်အတွက်ပါ လမ်းစရှာလျက်ရှိသည်။

ထိုအဖွဲ့အစည်းများအနေနှင့် အတိတ်သမိုင်းကြောင်းများက ပြောသော စီးပွားရေးအရ လွှမ်းခြုံပိတ်ဆို့မှု၏ အကျိုးဆက်များကို ထင်ဟပ်သုံးသပ်သင့်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။  ထိုကဲ့သို့သော ပိတ်ဆို့ မှုများသည် ထိရှနစ်နာလွယ်သော အလုပ်သမားများအပေါ်သာ ထိခိုက်စေနိုင်ပြီး အင်အားသုံးဖြေရှင်းတတ်သော အစိုးရများအပေါ် အနည်းငယ်မျှ လွှမ်းမိုးမှုမရှိနိုင်သည်ကို မြန်မာနိုင်ငံ သာမက အခြားနိုင်ငံများမှရရှိသော သင်ခန်းစာများကလည်း ဖော်ပြနေပါသည်။ ဝေးဝေးမကြည့်ပါနှင့်၊ အီရတ်နိုင်ငံကိုသာကြည့်ပါ။ နွမ်းပါးမပြည့်စုံသူများကို နိုင်ငံရေးဘေးဥပါဒ်ဆိုးကျိုးများမှ လွတ်ကင်းစေရန်ရည်ရွယ်၍ စီးပွားရေးအရ ပိတ်ဆို့အရေးယူရန် ကြိုးပမ်းဆောင်ရွက်ခြင်းသည် ဥပဒေစိုးမိုးရေး ယန္တရားကို ရှုပ်ထွေးစေသည့်အပြင် အချိတ်အဆက်နည်းပါးသော စီးပွားရေးလုပ်ငန်းငယ်များအား ဆုံးရှုံးနစ်နာစေပြီး မရိုးဖြောင့်သော လုပ်ငန်းများကိုမူ အခွင့်အသာရသွားစေပါသည်။

မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများသာ ပိတ်သိမ်းရလျှင် ထိုသို့ ပိတ်သိမ်းခြင်း၏ အကျိုးဆက်ကို အခြားအစားထိုး အလုပ်အကိုင်မရနိုင်သော အမျိုးသမီးအများစု ဖြစ်သည့် ၆၀၀,၀၀၀ ကျော်သော လုပ်သားထု ကသာ ခါးစည်းခံကြရမည် ဖြစ်ပါသည်။ ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းများတွင် ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ပိတ်ဆို့ အရေးယူမှုများကြောင့် အထည်ချုပ်ကဏ္ဍတစ်ခုလုံး၏ သုံးပုံနှစ်ပုံခန့် ကျုံ့သွားသောအခါ အထည်ချုပ်အလုပ်သမားပေါင်းများစွာသည် လူကုန်ကူးသူများထံ အလုပ်အကိုင်ရှာဖွေကြေး အမြောက်အများ ပေးဆောင်ရကာ မိသားစုများနှင့် နှစ်ပေါင်းများစွာခွဲခွာ၍ ရပ်ဝေး ထိုင်း၊ မလေးရှား၊ တရုတ်နှင့် အခြား နိုင်ငံများရှိ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရသော ဘေးအန္တရာယ် များပြားလှသော အလုပ်အကိုင်အခြေအနေများတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြရပါသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းကဏ္ဍ၏ အလုပ်အကိုင် အခြေအနေများက ပြီးပြည့်စုံမှုမရှိသည်မှာ ငြင်းဖွယ်ရာမရှိပါ။ ထို့အပြင် ကိုဗစ်ကပ်ရောဂါ ကြောင့် အခြေအနေ ပိုမိုဆိုးရွားလာပြီး စက်ရုံများမှာလည်း ရရှိပြီးသော အမှာအော်ဒါများ ဖျက်သိမ်းခံရခြင်း နှင့် လော့ဒေါင်းအချခံရခြင်း တို့ကို ကြုံတွေ့ခဲ့ရပါသည်။ သို့သော် အနောက်နိုင်ငံများမှ နာမည်ကြီး အမှတ်တံဆိပ် ကုမ္ပဏီများက ပြည်တွင်းရှိ စက်ရုံများနှင့် လက်တွဲဖြုတ်ရုံမျှဖြင့် အလုပ်အကိုင် အခြေအနေများ တိုးတက်လာမည် မဟုတ်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် အလုပ်သမားများ အစုလိုက်အပြုံလိုက် အလုပ်အကိုင် ဆုံးရှုံးမှုသို့သာ ဦးတည်စေမှာဖြစ်ပြီး ယခင်စစ်အုပ်ချုပ်ရေး ကာလ ကဲ့သို့ပင် တန်ကြေး နည်းသည့် အာရှဈေးကွက်သို့သာ တင်ပို့နိုင်သော စက်ရုံအနည်းငယ်သာ ကျန်ရှိသည့် အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်ပါသည်။

လက်ရှိအချိန်တွင် အဝတ်အထည် ကုမ္ပဏီများမှ လုပ်ဆောင်ရန် လိုအပ်သည်မှာ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကြောင့် ဖြစ်နိုင်ခြေရှိသော သက်ရောက်မှုများအား လေ့လာစိစစ်ခြင်းကိုပိုမိုတိုးမြှင့်  ဆောင်ရွက်နိုင်ရန်၊ အာဏာသိမ်းမှုနှင့် ကိုဗစ်ကပ်ရောဂါတို့၏ သက်ရောက်မှုများက စက်ရုံ အလုပ်ရုံများအပေါ်မည်သို့ သက်ရောက်မှုရှိသည်ကို စောင့်ကြည့်လေ့လာရန် ဖြစ်ပါသည်။  ဤကုမ္ပဏီများက အတူတကွပူးပေါင်း ၍ Ethical Trading Initiative ၏ အကြံပြုချက်များ အတိုင်း ဆက်လက်မှာယူအပ်နှံခြင်း (continued sourcing) ၏ ကောင်းကျိုး ဆိုးကျိုးများ၊  အလုပ်သမားများ၏ အခွင့်အရေး နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် အတွက် မည်ကဲ့သို့ တိုးမြှင့်အထောက်အပံ့ ပေးနိုင်မည်တို့ကို လေ့လာစိစစ်သင့်ပါသည်။ အကယ်၍ လုပ်ငန်းရပ်တန့်ရန် ဆုံးဖြတ်ပါက မည်ကဲ့သို့ တာဝန်ယူမှုရှိစွာ လုပ်ငန်းရပ်တန့်၊ စွန့်ခွာမည်ကို လက်တွေ့ကျစွာ စဉ်းစား၍ ဆုံးဖြတ် ရွေးချယ်သင့်ပါသည်။ ထိုသို့မဆုံးဖြတ်မီ နိုင်ငံတွင်းရှိ အလုပ်သမားအရေး လုပ်ရှားသူများနှင့် ချိတ်ဆက်၍ ပြသနာများအား ကျေကျေလည်လည် ဖြေရှင်းနိုင်ရန် ပူးပေါင်းလုပ်ဆောင်သင့်ပါသည်။

ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ (UN Guiding Principles on Business and Human Rights) အရ စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ထိခိုက်နစ်နာမှုများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အထောက်အပံ့ ဖြစ်စေပြီး ထိုထိခိုက်နစ်နာမှုများ မှကာကွယ်ရန် သို့မဟုတ် ဆိုးကျိုးသက်‌ရောက်မှုနည်းစေရန် အတွက် တစ်ဦးတစ်ဖွဲ့ချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မိမိတို့၏ အရှိန်အဝါကို အသုံးပြု၍ မလုပ်ဆောင်နိုင်လျှင် မြန်မာနိုင်ငံနှင့် လက်တွဲဖြုတ်သည်မှာ အဓိပ္ပါယ်ရှိနိုင်ပါသည်။ သို့သော် စီးပွားရေးကဏ္ဍအလိုက်၊ လုပ်ငန်းအလိုက် ကွဲပြားနိုင်ပါသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကုမ္ပဏီများအနေနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များဖြစ်သည့် လုပ်သားများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ သင့်တင့်သော လုပ်ခလစာ၊ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ နှင့် အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များ အပါအဝင် မည်သူ့ကိုမျှ ခွဲခြားဆက်ဆံခြင်းမပြုရန် တို့ကို အနိမ့်ဆုံးအားဖြင့် ၎င်းတို့၏ လုပ်ငန်းအတွင်း နှင့် ၎င်းတို့၏ မိတ်ဖက် စီးပွားရေးလုပ်ငန်းများကပါ လေးစားလိုက်နာရန် လုပ်ဆောင်နိုင်သော အရှိန်အဝါ ရှိကြသည်။

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကဏ္ဍတွင် မြန်မာနိုင်ငံ၏ ဥပဒေမူဘောင်သည် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် မိုဘိုင်းအင်တာနက် ဖြတ်တောက်ခြင်း နှင့် စောင့်ကြည့်ခံရခြင်းတို့မှ အကာအကွယ် ပေးထားခြင်းမရှိပါ။ တပ်မတော်မှ ၎င်းဥပဒေများကို အသုံးချသည့်အခါ တယ်လီနောကုမ္ပဏီကို အခက်တွေ့စေခဲ့ပါသည်။ ကုမ္ပဏီမှာ အလုပ်သမားအခွင့်အရေးများနှင့် ပတ်သက်၍ တာဝန်ယူမှုရှိရှိ လုပ်ငန်းဆောင်ရွက်နိုင်သော်လည်း ဆက်သွယ်ရေးကဏ္ဍအား ကြီးကြပ်သည့် အစိုးဌာနမှ ကုမ္ပဏီအား ဆက်သွယ်ရေးဝန်ဆောင်မှု သုံးစွဲသူများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်ကို မလေးစား၊ မလိုက်နာရန် ဖိအားပေးလျက်ရှိပါသည်။ထို့ကြောင့် တယ်လီနောကုမ္ပဏီသည် မြန်မာနိုင်ငံမှ ထွက်ခွာရန်ဆုံးဖြတ်ခဲ့ပြီး မြန်မာပြည်တွင်းရှိ၎င်းတို့၏ ကုမ္ပဏီကို လက်ဘနွန် ဝန်ကြီးချုပ်‌အသစ်  (ယခင် ကလည်းဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသူ) ပိုင်ဆိုင်သည့် ပုဂ္ဂလိကရှယ်ယာကုမ္ပဏီမှ ဝယ်ယူရန်အဆိုပြုထားပါသည်။ ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများမှ နော်ဝေနိုင်ငံအစိုးရထံသို့ တယ်လီနောကုမ္ပဏီအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲ သက်ရောက်မှုများကို လေ့လာဆန်းစစ်ခြင်း မပြုပဲ စွန့်ခွာရန် ဟန်ပြင်နေကြောင်းနှင့် ထိုကဲ့သို့ဆောင်ရွက်ခြင်းသည် ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများကို မလိုက်နာရာ ရောက်ကြောင်း အသိပေးတိုင်ကြားခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ မြန်မာ ကဲ့သို့သော ပဋိပက္ခများ ကြုံတွေ့နေရသည့် နိုင်ငံအတွင်းရှိ ကုမ္ပဏီများအနေနှင့် ပေါ်ပေါက်လာနိုင်သော ပြဿနာအခက်အခဲများကို ကြိုတင်တွက်ဆထားသင့်ပါသည်။ မည်သည့် ကုမ္ပဏီကမျှ စွန့်ခွာရန် စဥ်းစားခြင်းကို မပစ်ပယ်သင့်ပါ။ ကုမ္ပဏီများက ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုကို အစဉ်တစိုက်သုံးသပ်ပြီး ဘေးအန္တရာယ်နှင့် တစုံတရာ ပတ်သက်ဆက်နွယ်နေနိုင်မှုကို ထည့်သွင်းစဉ်းစားသင့်ပါသည်။
ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အလုပ်အဖွဲ့အနေဖြင့် ဤအခြေအနေမျိုးအတွက် စီးပွားရေးလုပ်ငန်းများကြောင့် ဖြစ်နိုင်ခြေရှိသော သက်ရောက်မှုများအား လေ့လာစိစစ်ခြင်းကိုပိုမိုတိုးမြှင့်  ဆောင်ရွက်နိုင်ရန် လမ်းညွှန် ကို ထုတ်ပြန်ထားပြီးဖြစ်ပါသည်။ သို့သော် ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများတွင် လုပ်ငန်းတစ်ခု သို့မဟုတ် နိုင်ငံတစ်ခုနှင့် လက်တွဲဖြုတ်စွန့်ခွာရန် သင့်မသင့် မဆုံးဖြတ်မီတွင် ထိုသို့ဆုံးဖြတ်ပါက ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ အကျိုးဆက်များ၊ ပေါ်ပေါက်လာနိုင်သည့်ဆိုးကျိုးများ၊ ထိုဆိုးကျိုးများ၏ ဒဏ်ကိုခံကြရမည့် ပြည်သူများအတွက် ကုစားမှုနည်းလမ်းများကို ကုမ္ပဏီအနေနှင့် စဉ်းစားစိစစ်တွက်ချက်ရန် ပြဌာန်းထားပါသည်။ လုပ်ငန်းရပ်တန့်စွန့်ခွာမှုသည် တာဝန်ခံမှုရှိရပါမည်။

မြန်မာနိုင်ငံရှိ ကိုယ်တိုင် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသော သို့မဟုတ် ကုန်ထုတ်လုပ်မှု ကွင်းဆက်အရ လုပ်ငန်းတည်ရှိသော စီးပွားရေးလုပ်ငန်အားလုံး အနေနှင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကြောင့် ဖြစ်နိုင်ခြေရှိသော သက်ရောက်မှုများအား လေ့လာစိစစ်ခြင်းကိုပိုမိုတိုးမြှင့် ဆောင်ရွက်ခြင်း (heightened due diligence) ကိုမလုပ်ဆောင်ရသေးပါက စတင်လုပ်ဆောင်ကြရန်နှင့် ကုမ္ပဏီများ၏ စိစစ်တွေ့ရှိချက်များကိုလည်း ထုတ်ပြန်ကြရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ မကြာမီထွက်ရှိမည့် အစီရင်ခံစာတွင်လည်း IHRB အနေနှင့် အခြားနိုင်ငံများမှ သာဓကများနှင့် လုပ်ငန်းများဆက်လက်လုပ်ကိုင်ဆောင်ရွက်ရန် သို့မဟုတ် လုပ်ငန်းရပ်တန့်စွန့်ခွာရန် ဆုံးဖြတ်ရာတွင် ကုမ္ပဏီများ ထည့်သွင်း စဉ်းစားသင့်သည့် အကြောင်းအချက်များကိုပါ အသေးစိတ် ထည့်သွင်း ဖော်ပြသွားမည် ဖြစ်ပါသည်။

သတင်းစဉ်

Presentations မှတ်တမ်းများကို ဤနေရာတွင် ရယူနိုင်ပါသည်။

ဇူလိုင်လ 13 ရက်နေ့တွင် MCRB နှင့် Fair Finance Thailand တို့သည် ထိုင်းကုမ္ပဏီများနှင့် အခြားစိတ်ဝင်စားသော ပတ်သက်ဆက်နွယ်သူများ အတွက် webinar တစ်ခုကို ပူးတွဲကျင်းပခဲ့ပါသည်။

၂၀၂၂ ိုဝင်ဘာလတွင် စတင်တည်ေထာင်ခဲ့ေသာ ေရရှည်တည်တံ့ခိုင်မဲေသာ ြမန်မာစီးပွားေရးကွန်ရက် (MSBN) သည် တာဝန်ယူမှရှိေသာ စီးပွားေရးအေလ့အကျင့်များမှတစ်ဆင့် ြမန်မာိုင်ငံတွင် ပိုမိုေရရှည်တည်တံ့ေသာ စီးပွားေရးကို တည်ေဆာက်ရန် ကတိြပထားေသာ စီးပွားေရးလုပ်ငန်းများှင့် ကျွမ်းကျင်ပညာရှင်များကို စုစည်းေပးထားသည့် အစုအဖွဲေပါင်းစုံ ပလက်ေဖာင်းတစ်ခု ြဖစ်သည်။ ကျွ်ုပ်တို၏ အသိုက်အဝန်းသည် ပညာရှင်ေပါင်း ၄၄၀ ေကျာ်ကိုစုစည်းထားပီး ြဖစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသော မြန်မာစီးပွားရေးကွန်ရက် (MSBN) သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာ နှင့် Yever တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည့် MSBN ၏အဖွဲ့ဝင်များနှင့် အခြားသော ပတ်သက်ဆက်နွယ်သူများ အတွက် ဒစ်ဂျစ်တယ်အခွင့်အရေးများကို ဦးစားပေး မီးမောင်းထိုးပြထားသည့် UN Global Digital Compact (UNGDC) ၏ ဆွေးနွေးညှိနှိုင်းမှုများတွင် အကြံဥာဏ်ပံ့ပိုးပေးမှုများ ရှိခဲ့သည်။

© 2024 Myanmar Centre for Responsible Business