အမုန်းစကားပြောကြားနေမှုများကို အရေးယူရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ
၂၀၁၅ နိုဝင်ဘာတွင် ကျင်းပခဲ့သည့် မှတ်ကျောက်တင်ခံရသည့် ရွေးကောက်ပွဲ နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် hate speech ဟု ခေါ်သည့် အမုန်းစကား ပြောဆိုသုံးနှုန်း မှုကို တရားဝင် လူသိရှင်ကြား အကြိမ်ကြိမ်ဝေဖန်ခဲ့သည်။ အမုန်းစကား ပြောကြားမှုများကို ဖြေရှင်း နိုင်မည့် ဥပဒေသစ်တစ်ရပ်ကိုလည်း ပြဌာန်းနိုင်ရန် ဖော်ပြမှုများရှိခဲ့သည်။
အမုန်းစကားပြောဆိုသုံးနှုန်းနေမှုများကို အထူးသဖြင့် မွတ်စလင်ဘာသာဝင်များ၊ အမျိုးသမီးများနှင့် လိင်တူချစ်သူများကို အွန်လိုင်းပေါ်တွင် တိုက်ခိုက်ခြင်းများတွင် သိသိသာသာတွေ့ရသည်။ အဆိုပါ အွန်လိုင်းပေါ်မှ အမုန်းစကားပြောကြားမှုအများစုမှာ မွတ်စလင်ဘာသာဝင်များအား ရည်ရွယ် တိုက်ခိုက်ခြင်းဖြစ်ပြီး အမျိုးသမီးအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူများသည်လည်း အမည် မသိသူများမှ ခြိမ်းခြောက်ခြင်းများကို ကြုံတွေ့နေရသည်။ အလားတူပင် လိင်တူချစ်သူများမှာလည်း ရန်စကား ပြောဆိုမှုများအတွက် ပစ်မှတ်ထားခံနေရသည်။
ယခုဆောင်းပါးကို မြန်မာတိုင်းစာစောင် တွင် အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံး ပုံနှိပ်ဖော်ပြခဲ့ပါသည်။
အစိုးရသည် ယခုနှစ်အစောပိုင်းတွင် ၄င်းတို့စတင်တာဝန်ယူသည့်အချိန်မှစ၍ မြန်မာလူမှု အဖွဲ့အစည်း တွင် အမုန်းစကားအတွက် နေရာမရှိဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ဝက်ဆိုဒ်စာမျက်နှာတွင် အတိ အလင်း ဖော်ပြလာသည်။ ၄င်းကြေငြာချက်တွင် မြန်မာနိုင်ငံသားအားလုံးကိုလည်း အမှန်းစကား သုံးစွဲခြင်းမှ ရှောင်ကျဉ်ကြရန်နှင့် “မတူကွဲပြားမှုများအကြားတွင် ညီညွတ်စွာနေထိုင်ကြရန်” လည်း တိုက်တွန်းထားသည်။ ထို့အတူ အမုန်းစကားဖန်တီးသူများကိုလည်း ထိရောက်ပြင်းထန်သော အရေးယူမှု တစ်ရပ်ကိုလည်း တောင်းဆိုခဲ့သည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး သူရဦးအောင်ကိုသည် အမုန်းစကားဆိုင်ရာ ဥပဒေသစ်ကို ပြဌာန်းနိုင်ရန်အတွက် ဆွေးနွေးမှုများအကြောင်းပြောကြားခဲ့သည်။ ၄င်းဥပဒေသစ်တွင် ဗုဒ္ဓဘာသာအပြင် အခြားဘာသာများကိုလည်း နှုတ်အားဖြင့် တိုက်ခိုက်ပြောဆိုမှုများကို အရေးယူ နိုင်မည်ဖြစ်ပြီး ဥပဒေသစ်ရေးဆွဲရာတွင် မြန်မာနိုင်ငံမှ ဘာသာရေးအဖွဲ့အစည်းပေါင်းများစွာက အဖွဲ့ဝင် အဖြစ်ပါဝင်သည့် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့နှင့်လည်း ဆွေးနွေးအကြံဥာဏ်ရယူ ဆောင်ရွက် လျှက် ရှိပါကြောင်း ပြောကြားထားသည်။ အဆိုပါ ဥပဒေတွင် မည်သည့်အချက်များ ပါဝင်သည်ကို ပြည်သူလူထုက အတိအကျမသိရသေးသော်လည်း သာမန်ပြည်သူလူထုအား နှိမ်ချခွဲခြား ပြောဆိုမှု များကို တိုင်ကြားမှုများ ပြုလုပ်နိုင်ရန် အားပေးသည်။
၂၀၀၈ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ က “နိုင်ငံရေးရည်ရွယ်ချက်များအတွက် ဘာသာရေးကို အလွဲသုံးစားပြုလုပ်ခြင်း” ကို တားမြစ်ထားသည်။ ထို့အပြင် လူမျိုးရေးကြောင့် သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူကိုလည်း တားမြစ်သည်။ ထိုအပြုအမူကို ပြစ်ဒဏ်ပေးနိုင်ရန် အတွက် ဥပဒေပြဌာန်းရန်လည်း ခွင့်ပြုထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဟောင်း ဦးကိုနီက မကြာသေးမီက ပြုလုပ်သော ဒီမိုက်ရက်တစ် မြန်မာ့အသံနှင့် အင်တာဗျူးတစ်ခုတွင် အမုန်းစကားဆိုင်ရာဥပဒေကို ပြဌာန်းနိုင်ရန် အတွက် မူကြမ်းကို ၂၀၁၃ခုနှစ်ကတည်းက ဖြန့်ဝေထားပြီး မူကြမ်းရေးဆွဲနေမှုကို အစိုးရသစ် လက်ထက်တွင် ပြန်လည် စတင် လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည်။
၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြှုဌာန (MCRB) က သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ ၏ ကဏ္ဍအလိုက်သက်ရောက်မှုကို လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ (ICT Sector Wide Impact Assessment) ကို ထုတ်ပြန်ခဲ့ ပါသည်။ ၄င်းတွင် အမုန်းစကားနှင့် ပတ်သက်ပြီး မြန်မာ့လူမှု ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆန်းစစ်ချက်များ ပါဝင်ပါသည်။
၎င်းအစီရင်ခံစာကပါရှိသော အဓိကအကြံပြုချက်တစ်ခုမှာ အမုန်းစကားဆိုသည်မှာ လုံးဝလက်ခံ၍ မရကြောင်းကို အများပြည်သူသိမြင်နိုင်ရန် အစိုးရအဖွဲ့၏ ထိပ်တန်းအဆင့်နှင့် နိုင်ငံရေးပါတီအာလုံးက ရှင်းလင်းစွာ ထုတ်ပြန်သင့်သည်ဟူ၍ဖြစ်သည်။ ၄င်းအချက်မှာ ယခုဖြစ်ပေါ်လာပြီဖြစ်၍ ဝမ်းမြောက် ဖွယ် ဖြစ်ပါသည်။
သို့သော်လည်း ဥပဒေပြုခြင်းအပိုင်းတွင် သေချာစွာ ဂရုပြုဆောင်ရွက်ရန်လိုအပ်သည်။ အခြား နိုင်ငံများတွင်လည်း အွန်လိုင်းပေါ်တွင် အမုန်းစကားပြောဆိုသုံးနှုန်းခြင်းများနှင့် ပတ်သက်ပြီး ဥပဒေပြုရာတွင် အခက်အခဲများစွာနှင့်ရင်ဆိုင်ရသည်။ အဘယ်ကြောင့်ဆိုသော် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်သည် မည်သည့်နေရာတွင် အဆုံးသတ်ပြီး ယင်းသို့ ထုတ်ဖော်ပြောဆိုမှုအပေါ် ဖြစ်သင့်သည့် ကန့်သတ်မှုမျိုးကို မည်သည့်နေရာတွင် စတင်သင့်သည်ကို ခွဲခြားရန် အလွန်ခက်ခဲ၍ ဖြစ်သည်။ တစ်နိုင်ငံတွင် အမုန်းစကားဟု သတ်မှတ်ဆုံးဖြတ်ထားသည့် အရာများမှာ အခြားနိုင်ငံတွင် အမုန်းစကားဟု သတ်မှတ်၍ ရနိုင်မည်မဟုတ်ပေ။ အမုန်းစကားဖြစ်ခြင်း၊ မဖြစ်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းတွင် ဖြစ်တည်နေသည့် ဒေသအလိုက်အနေအထား သို့မဟုတ် ယဉ်ကျေးမှုစသည်တို့တွင် မူတည်သည်။ နိုင်ငံတကာက ဘုံလက်ခံထားသည့် အမုန်းစကား အဓိပ္ပါယ်ဖွင့်ဆိုချက် မရှိသည့်အချက်မှာ အွန်လိုင်းပေါ်တွင် အပါအဝင် အဆိုပါကိစ္စရပ်များကို ကိုင်တွယ်ရန်ခက်ခဲစေသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေငြာချက်တစ်စောင်တွင် အမုန်းစကား၏ အဓိပ္ပါယ်ကို Wikipedia တွင် ဖော်ပြထားသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အခြေခံပြီး ဖွင့်ဆိုထားပါသည်။ ကျွန်ုပ်တို့အနေဖြင့် အမုန်းစကားနှင့် ပတ်သက်ပြီး အစိုးရ၏ လုပ်ဆောင်ချက်ကို ကြိုဆိုပါသည်။ တစ်ဆက်တည်းတွင်လည်း အစိုးရတာဝန်ရှိသူများကိုလည်း အနာဂတ်တွင် ဥပဒေကြမ်းများ ရေးဆွဲသည့်အခါ အခြား အဓိပ္ပါယ်ဖွင့်ဆိုချက်များကို အသုံးပြုမည့်အစား အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေကို မှီငြမ်းအသုံးပြုရန် တိုက်တွန်းလိုပါသည်။
ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေညာစာတမ်း ပုဒ်မ ၁၉ နှင့် နိုင်ငံတကာ ပြည်သူ့အခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (ICCPR) ပုဒ်မ ၁၉ တို့တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ကို ကာကွယ်ပေးထားသည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သဘောထားမှတ်ချက်ပြုနိုင်ခွင့် အခွင့်အရေးဆိုရာတွင် အများက လက်မခံကာ အများအား အနှောက် အယှက်ဖြစ်စေပြီး စော်ကားရာလည်းရောက်သည့် သို့မဟုတ် မနှစ်မြို့စရာဖြစ်စေသည့် အတွေး အခေါ် အယူအဆများကို ထုတ်ဖော်ခွင့်ထိ ပါဝင်နေသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့် ကာကွယ်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ဖရန့်လာရူးက ၂၀၁၂ခုနှစ်အစီရင်ခံစာတွင် “လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုရေးသားခွင့် အခွင့်အရေးဆိုသည်မှာ ဘာသာရေးအပါအဝင် ယုံကြည်သက်ဝင်မှုဆိုင်ရာ စံနစ်များ အဖွဲ့အစည်းများ၊ အယူအဆများ၊ အတွေးအခေါ်များအား နှိုက်နှိုက်ချွှတ်ချွှတ် စစ်ဆေးခွင့်၊ ပွင့်ပွင့်လင်းလင်း ငြင်းခုန်ခွင့်၊ ဝေဖန်ပြောဆိုနှိုင်ခွင့်များသည် ပြင်းထန်ပြီး ကျိုးကြောင်း ဆီလျှော်မှု မရှိသည့်တိုင် ခွင့်ပြုနိုင်သည်ဖြစ်ရမည်ဖြစ်သည်။ သို့သော်လည်း ထိုငြင်းခုန်ဆွေးနွေး ထုတ်ဖော် ပြောဆိုမှုများသည် အဖွဲ့အစည်းတစ်ခုခုကို သော်လည်းကောင်း၊ တစ်ဦးတစ်ယောက်ကို သော်လည်း ကောင်း၊ အစုအဖွဲ့တစ်ဖွဲ့ခြင်းကို သော်လည်းကောင်း အကြမ်းဖက်ခြင်း၊ နှိမ်ချခွဲခြား ဆက်ဆံခြင်းနှင့် ရန်လိုခြင်းကို ဖြစ်စေသည့် အမုန်းတရားပြောဆိုမှုများ မဖြစ်ရဟု ဖော်ပြထားသည်။
တစ်စုံတစ်ယောက်သည် အခြားသူများနှင့်ဆန့်ကျင်သည့် အတွေးအမြင်တစ်ခုကို ဖော်ထုတ်နိုင်သည်။ ကျဉ်းမြောင်းစွာ သတ်မှတ်ထားသည့်အခြေအနေအချို့တွင်မှ လွဲပြီး ပြောဆိုခွင့်ရှိသည်။ ၄င်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်၏ သဘာဝဖြစ်သည်။
အခြားသူများ၏ အခွင့်အရေးကိုကာကွယ်ရန်အတွက် မည့်သည့်စကားမျိုးအား ကန့်သတ် တားဆီးရ မည် ဆိုသည်ကို ဆုံးဖြတ်ရမည့်အချိန်သို့ ရောက်လာလျှင်မူ ထုတ်ဖော်ချက်ကို တရားဝင် ကန့်သတ်ခြင်း သို့မဟုတ် အချို့ကိုတားမြစ်ခြင်းမပြုမီ စံသတ်မှတ်ချက်တစ်ခုခုနှင့်ကိုက်ညီမှု ရှိအောင်ပြုလုပ်ထားရမည် ဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေက ဆိုထားသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေတွင် အမုန်းစကား (hate speech) ဆိုသော ဝေါဟာရကို သုံးစွဲထားခြင်း မရှိပါ။ အမုန်းစကားဆိုသည့် ဝေါဟာရသည် အဓိပ္ပါယ်သဲကွဲရှင်းလင်းမှုမရှိသည့် ဝေါဟာရတစ်ခု ဖြစ်လာပြီး ယင်းသို့ ပြောဆိုသုံးနှုန်းမှုသည် မကြာခဏဆိုသလို အပြည်ပြည်ဆိုင်ရာ ဥပဒေအရ တားမြစ်ထားသည့် ထုတ်ဖော်ပြောဆိုမှု ဖြစ်နိုင်သလို စော်ကားပြောဆိုမှု ဖြစ်စေကာမူ တရားဝင်သည့် ပြောဆိုမှုမျိုးလည်း ဖြစ်နေနိုင်သည်။
နိုင်ငံတကာ ပြည်သူ့အခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (ICCPR) ပုဒ်မ ၁၉၊အပိုဒ်ခွဲ၃တွင် ဥပဒေအရ တားမြစ်ရန်အတွက် အခြေခံလိုအပ်ချက်ကို “(ဂ) အခြားသူများ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကိုလေးစားရန် (ဃ)နိုင်ငံတော်၏ အမိန့်ကြေငြာချက်ကို ကာကွယ်ရန် သို့မဟုတ် ပြည်သူလူထု၏ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာကို ကာကွယ်ရန် လိုအပ်သည်များကို နည်းဥပဒေဖြင့်ဖော်ပြရမည်”ဟု ဖော်ပြထားသည်။
နိုင်ငံတကာ ပြည်သူ့အခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (ICCPR) ပုဒ်မ ၂၀ တွင်မူ ထို ကန့်သတ်ချက်များနှင့် တားမြစ်ချက်များကို ပို၍ အကျယ်အဝင့် ဖော်ပြထားသလို၊ “စစ်ပွဲအတွက် မည်သည့်ဝါဒဖြန့်မှုမဆို” နှင့် “ခွဲခြားဆက်ဆံခြင်း၊ ရန်လိုခြင်းနှင့် အကြမ်းဖက်ခြင်းကို လှုံ့ဆော်အားပေးမှုကို ဖြစ်စေသည့် နိုင်ငံ၊ လူမျိုး သို့မဟုတ် ဘာသာတရားတစ်ခုခုအပေါ် အမုန်းစကားဆိုမှုများကို” ဥပဒေအားဖြင့် တားမြစ်သည်။
တနည်းဆိုလျှင် ပုဒ်မ၂၀ အရ အမုန်းစကားပြောဆိုရုံသက်သက်ဆိုလျင် တားမြစ်ခံရလိမ့်မည် မဟုတ်ပေ။ သို့သော် ခွဲခြားဆက်ဆံခြင်း၊ ရန်လိုခြင်းနှင့် အကြမ်းဖက်ခြင်းကို လှုံ့ဆော်အားပေးမှုကို ဖြစ်စေသည့် နိုင်ငံ၊ လူမျိုး သို့မဟုတ် ဘာသာတရားတစ်ခုခုအပေါ် အမုန်းစကားဆိုခြင်းကို ထောက်ခံ အားပေးမှုများ ဖြစ်လာလျှင်မူ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ တားမြစ်သည်။
လှုံ့ဆော်ခြင်းဆိုလျှင်လည်း အခြားအပြည်ပြည်ဆိုင်ရာ လု့အခွင့်အရေး စာချုပ်များတွင် ပြစ်မှုအဖြစ် မှတ်ယူထားသည်။ လူမျိုးတုန်းသတ်ဖြတ်ခြင်းမှ ကာကွယ်ခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်း ဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ် (၁၉၄၈)တွင် လူမျိုးတုန်းသတ်ဖြတ်မှု တိုက်ရိုက် ကျူးလွန်ခြင်း နှင့် ကျူးလွန်ရန်အတွက် ပြည်သူလူထုကို လှုံ့ဆော်ခြင်းကို တားမြစ်ထားသည်။ နည်းမျိုးစုံဖြင့် လူမျိုးရေး ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (၁၉၆၆) က လူမျိုးရေး လွမ်းမိုးမှု အတွေးအခေါ်ကို ထုတ်ပြန်ခြင်းနှင့် လူမျိုးရေးဆိုင်ရာ တက်ကြွလှုပ်ရှားမှု များကို ငွေကြေးထောက်ပံ့မှုများမပြုရန် တားမြစ်ထားသည်။
ထို့ကြောင့် အနာဂတ်တွင်ရေးဆွဲမည့် ဥပဒေများတွင် စကားလုံးများကို အဓိပ္ပါယ်ဖွင့်ဆိုသည့်အခါတွင် ရှင်းလင်းသဲကွဲမှုမရှိသည့် ဝေါဟာရများကို အစိုးရအနေဖြင့် ရှောင်ကျဉ်သင့်သည်။ ဥပမာ ဘာသာရေးဆိုင်ရာ စိတ်ခံစားချက်များကို ထိခိုက်စေသည့် ဝေါဟာရများဖြစ်သည်။ ယင်းကဲ့သို့ ဝေါဟာရများသည် အဓိပ္ပါယ်အမျိုးမျိုးဖြစ်နိုင်ပြီး အကြမ်းဖက်မှု၊ ရန်လိုမှုနှင့် ခွဲခြားမှုများကို လှုံ့ဆော်သည့် အရေးအသားများ၏ အကြမ်းဖက်မှုကိုလည်း တိကျစွာ မဖော်ပြနိုင်သည့် စကားမျိုး ဖြစ်သည်ဟု ပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ဥပဒေက ဆိုထားသည်။
အမျိုးသမီးများနှင့် လိင်တူချစ်သူများ အပါအဝင် အွန်လိုင်းအကြမ်းဖက်ခံရမှုကြောင့် ထိခိုက် လွယ်သူများအတွက် သင့်လျော်သော ဥပဒေပြဌာန်းနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်း ဆွေးနွေးမှုများနှင့် စဉ်းစားချင့်ချိန်မှုများပါ ထည့်သွင်းလုပ်ဆောင်ရမည်။ “အမုန်းစကားကို တန်ပြန်ပြောဆိုမှု” (counter speech) ကို လူသိများသည့် လှုပ်ရှားမှုဖြစ်ပေါ်လာရေးအတွက် အစိုးရသည် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ကော်ပိုးရေးရှင်းများ၏ ကြိုးစားလုပ်ဆောင်မှုများကို အားပေး ပံ့ပိုးခြင်းများလုပ်ဆောင်နိုင်သည်။ အွန်လိုင်းသုံးစွဲသူများကလည်း ဖြစ်နိုင်ပါက ရဲတပ်ဖွဲ့၏ အကူအညီဖြင့် မမှန်ကန်သည့်ကောလာဟလများကို ဖွင့်ချထုတ်ဖော်ပြောဆိုခြင်းဖြင့် အမုနုးစကား ပြောဆိုမှုများကို တိုက်ဖျက်ကာ ငြိမ်းချမ်းစွာ မိမိခံစားချက်ထုတ်ဖော်ပြောကြားခြင်းကို အားပေးရမည်။
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက သတေသနများ ပြုလုပ်ရာတွင် မေးခွန်းဖြေဆိုသူများသည် လူမှုကွန်ယက်ဆိုရှယ်မီဒီယာများကို ကောင်းမွန်မှန်ကန်စွာ အသုံးပြုရန် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက သင့်လျော်သော လမ်းညွှန်ချက်များ ထုတ်ပြန်ထားခြင်း မရှိသေးဟုဖြေဆိုကြသည်။ အွန်လိုင်းတွင် အမုန်းစကားပြောကြားခြင်းများနှင့်ပတ်သက်ပြီး ဝက်ဆိုဒ် တာဝန်ခံများကိုလည်း သတင်းပို့ခြင်း (reporting) မပြုလုပ်ကြကြောင်း မေးခွန်းဖြေကြားသူများက ပြောကြားသည်။ အကြောင်းမှာ ယင်းသို့သတင်းပေးပို့နိုင်သည်ဟူသော အချက်ကို မသိခြင်း ကြောင့်နှင့် အင်တာနက်လိုင်းဆွဲအား မကောင်းခြင်းကြောင်းလည်း ဖြစ်ကြောင်း မေးခွန်းဖြေဆိုသူများ ကဖြေဆိုခဲ့သည်။ ဆိုရှယ်မီဒီယာကုမ္ပဏီများနှင့်လုပ်ကိုင်သူများသည် ၄င်းတို့မီဒီယာ ပလက်ဖောင်း များ ဖန်တီးရာတွင် ယင်းအချက်များကို သတိပြုတည့်သွင်းသင့်ပြီး၊ အွန်လိုင်းပေါ်တွင် ရိုင်းပြစွာ ပြုမူပြောဆိုနေမှုများကို အင်တာနက် လိုင်းဆွဲအားမကောင်းသည့်အနေအထားတွင်ပင် မည်သို့ သတင်းပေးပို့နိုင်သည်ကို သိရှိစေရန် လုပ်ဆောင်သင့်သည်။
ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဝန်ကြီး ဦးထွန်းညွန့်က ၄င်းကိစ္စမျိုးကို ရဲတပ်ဖွဲ့သို့ တိုင်ကြားသင့်သည်ဟု အကြံပြုထားပါသည်။ သို့ရာတွင် ရဲတပ်ဖွဲ့ဝင်များသည် ထိုကိစ္စရပ်မျိုးများကို ကိုင်တွယ်ရန် သင်တန်းများတက်ရောက်ထားရန်လိုအပ်ပြီး လမ်းညွှန်ချက်များလည်း ရှိထားရန် လိုအပ်သည်။ အရေးယူဆောင်ရွက်မှု အပိုင်းတွင်လည်း လူထု၏ မျှော်လင့်ချက်ကို အစိုးရက တာဝန်ယူဆောင်ရွက်သင့်သည်။ ၂၀၁၃ခုနှစ်က ယူကေနိုင်ငံတွင် ရဲများသာမက ၄င်းနယ်ပယ်မှ ရှေ့နေ၊ အမှုလိုက်များကိုပါ အထောက်အကူပြုနိုင်သည့် ဆိုရှယ်မီဒီယာ ဆက်ဆံရေးအပါအဝင် အမှုစစ်ဆေးရာတွင် လုပ်ဆောင်ရမည့် ညွှန်ကြားချက်များကို ပြည်သူ့တရားရေးဌာန ညွှန်ကြားရေးမှူး က ထုတ်ပြန်ခဲ့သည်။
မြန်မာအစိုးရသည် အမုန်းစကားကို တိုက်ဖျက်ရာတွင် ရှေ့တန်းမှ ဦးဆောင်ပြီး အလေ့အကျင့်ကောင်း များကို ကမ္ဘာကိုစံနမူနာပြလုပ်ဆောင်နိုင်ရန် အခွင့်အရေးရရှိထားသည်။ သို့သော် ထိုသို့ လုပ်ဆောင်ရာတွင် တားမြစ်ချက်များသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနှင့် လိုက်လျောညီထွေပြီး လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို မထိခိုက်စေသည့် အချက်ကို သေချာစေရန် သတိကြီးစွာ လုပ်ဆောင်ရမည်ဖြစ်သည်။
Lucy Purdon သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)၏ အိုင်စီတီနည်းပညာနှင့် လူ့အခွင့်အရေးဆိုင်ရာ အကြံပေးဖြစ်ပြီး Institute of Human Rights and Business ၏ သုတေသီတစ်ဦးလည်းဖြစ်သည်။