မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB) မှ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများဆိုင်ရာ အစီရင်ခံစာထုတ်ပြန်
မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB) မှ “မြန်မာနိုင်ငံရှိ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ- အခြေခံလေ့လာချက်၊ လူ့အခွင့်အရေးဆိုင်ရာအန္တရာယ်များအား လေ့လာဆန်းစစ်ခြင်းနှင့် အကြံပြုချက်များ” ဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်လိုက်ပါသည်။
ဤအစီရင်ခံစာသည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများ (PSCs) အား ပထမဆုံး လေ့လာဆန်းစစ်ခြင်းဖြစ်ပြီး ၎င်းကို ဆန္ဒအလျောက် လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများ (VPSHR) ဆိုင်ရာ လုပ်ငန်းအဖွဲ့၏ တောင်းဆိုမှုအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Voluntary Principles Association မှလည်း ဖြည့်စွက် ပံ့ပိုးပေးထားပါသည်။ Kunming South Asia & Southeast Asia International Logistics Research Institute (SSILR) မှ တရုတ်ဘာသာ ပြန်ဆိုခြင်းကို ပံ့ပိုးပေးထားပါသည်။
အစီရင်ခံစာတွင် ပုဂ္ဂလိကလုံခြုံရေးကဏ္ဍ၏ တန်ဖိုးကွင်းဆက် (value chain) နှင့် အပြန်အလှန်အမှီသဟဲပြု ဆက်စပ်နေမှု (ecosystem) တို့အပြင် စည်းမျဉ်းဥပဒေများ နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ပတ်သက်ဆက်နွယ်သူများ၏ ဆောင်ရွက်နေမှုများ အကျဉ်းချုပ်တို့ ပါဝင်ပါသည်။ ဤ လူ့အခွင့်အရေးဆိုင်ရာအန္တရာယ်များအား ဆန်းစစ် လေ့လာခြင်း (HRRA) အား ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း အင်တာဗျူးများကို အဓိက အခြေခံပြီး ပြုလုပ်ခဲ့ပါသည်။ သို့သော် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကွင်းဆင်း လေ့လာမှုများ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်တွင် စစ်တပ်မှ အာဏာသိမ်းမှုကြောင့် ကုမ္ပဏီများ၏ လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုအချို့၏ အပြောင်းအလဲ အချို့ကို ထင်ဟပ်စေရန် မွမ်းမံ ပြင်ဆင်ထားပါသည်။
ဤလေ့လာဆန်းစစ်မှု၏ မူလ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၌ အခြေအနေ အမျိုးမျိုးတွင်ရှိနေသည့် လူ့အခွင့်အရေး အန္တရာယ်များ အကြောင်းကို ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီများအား သတင်းအချက်လက် ပေးရန်အတွက် ယေဘူယျ လူ့အခွင့်အရေးအန္တရာယ်အကဲဖြတ်မှု (HRRA) အဖြစ်ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ International Code of Conduct Association (ICoCA) ၏ အဖွဲ့ဝင်နှင့် အသိအမှတ်ပြုလက်မှတ် လျှောက်ထားရန်အတွက် ကြိုးပမ်းနေသည့် ကုမ္ပဏီများတွင် အင်အား အသုံးပြုခြင်း (use of force)၊ ထိန်းသိမ်းခြင်း (detention)၊ လူပုဂ္ဂိုလ်များအား ဖမ်းဆီးခြင်း (apprehending persons)၊ မည်သူမည်ဝါဖြစ်ကြောင်း သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်း (identification and registration)၊ လက်နက်များ၊ အလုပ်ခွင်နှင့် သင့်လျော်သော ဝန်ထမ်းများ (personnel suitability)၊ မကျေနပ်ချက်များအတွက် တိုင်ကြားမှုစနစ်များ၊ နှိပ်စက်ညှင်းပန်းခြင်း သို့မဟုတ် အခြား ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်သော သို့မဟုတ် စော်ကား ပြုမူဆက်ဆံခြင်း သို့မဟုတ် အပြစ်ပေးခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် ကျား-မ အခြေပြု အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ကျွန်ပြုခြင်းနှင့် အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုကို တားမြစ်ခြင်း၊ ကလေးအလုပ်သမား နှင့် ခွဲခြားဆက်ဆံခြင်း ကဲ့သို့သော ကိစ္စရပ်များ (issues) အတွက် ဆန်းစစ်ထားသော လူ့အခွင့်အရေး ဆိုင်ရာအန္တရာယ်များ ဆောင်ရွက်ထားရှိပြီး ဖြစ်ရန်လိုအပ်ပါသည်။
ထို့အပြင် ဤလေ့လာဆန်းစစ်မှုတွင် အတိုက်အခံ ပဋိပက္ခများ ဖြစ်ပွားနေသည့်နေရာများ၌ ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းများ ရောက်ရှိလာခြင်းကြောင့် စစ်တပ်အင်အားတိုးချဲ့လာခြင်း ထို့ကြောင့် လုံခြုံရေးဝန်ထမ်းများမှာ ၎င်းတို့၏ကိုယ်စား ဝင်ရောက်ဆောင်ရွက် ပေးရမှုများ ရှိလာနိုင်သည့်အန္တရာယ်၊ အလုပ်သမားအခွင့်အရေး၊ ဒေသခံလူမှုအသိုင်းအဝိုင်းနှင့် ဆက်ဆံရေး နှင့် တခြားသော အရေးကြီးသည့် အန္တရာယ်များကို မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်ဆက်နွယ်သူများ၏ တင်ပြပြောဆိုမှုများအပေါ်အခြေခံ၍ ဖော်ပြထားပါသည်။ PCS များနှင့် ဆက်စပ်၍ အချက်အလက် ကာကွယ်ခြင်း (data protection) နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်လုံခြုံရေး အန္တရာယ်များ (privacy risks) ကိုလည်း လေ့လာ ဆန်းစစ်ထားပါသည်။ ဤလေ့လာဆန်းချက်တွင် မြန်မာနိုင်ငံရှိ ကုမ္ပဏီများမှ CCTV အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်း ဥပဒေများနှင့် တာဝန်ယူမှုရှိသော အလေ့အကျင့်နှင့် စပ်လျဉ်း၍ ပထမဆုံး ခွဲခြမ်းစိတ်ဖြာချက်များ ပါရှိပါသည်။
အစီရင်ခံစာတွင် ဤလူ့အခွင့်အရေးအန္တရာယ်များကို ရှောင်ရှားရန်နှင့် လျော့ပါးစေရန် အကြံပြုချက်များ ပါရှိပါသည်။ အထူးသဖြင့် ပုဂ္ဂလိကလုံခြုံရေးကဏ္ဍ၏ အထူးကျွမ်းကျင်သည့်ကုမ္ပဏီများ (specialist PSCs) များကို အဓိက ဦးတည်သော်လည်း ဤတွေ့ရှိခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ အန္တရာယ်များသည် ဘဏ်များ၊ ဈေးဝယ်စင်တာများကဲ့သို့ ကိုယ်တိုင် စီမံဆောင်ရွက်သော လုံခြုံရေး (In-house security) ကို စီမံခန့်ခွဲနေရသည့် ကုမ္ပဏီများ သို့မဟုတ် PSC များကို ကန်ထရိုက်ပေးထားသည့် အဖွဲ့အစည်းများအတွက်လည်း သက်ဆိုင်မှုရှိပါသည်။ ၎င်းတွင် ကုမ္ပဏီများ၊ ကုလသမဂ္ဂနှင့် သံတမန်အဖွဲ့အစည်းများ ပါဝင်ပါသည်။ တွေ့ရှိချက်များနှင့် အကြံပြုချက်များသည် MCRB မှာ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်းများအသင်း (PSSA) နှင့် အခြားသော စိတ်ဝင်စားသည့် ပတ်သက်ဆက်နွယ်သူများနှင့် လူ့အခွင့်အရေး လေးစားလိုက်နာမှုရှိရေးအတွက် တိုးမြှင့်အလေးဂရုပြုလုပ်ဆောင်ခြင်း (heightened human rights due diligence) အကြောင်းကို ဆက်လက် တွေ့ဆုံဆွေးနွေးရန် အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ပါသည်။
ဤ အစီရင်ခံစာကို အင်္ဂလိပ်ဘာသာဖြင့် ရရှိနိုင်ပြီး မြန်မာ ဘာသာပြန်ကိုလည်း မကြာမီ ရရှိနိုင်မည်ဖြစ်ပါသည်။
English
မြန်မာ
မြန်မာ (unicode)

