မြန်မာ့စီးပွားရေးလုပ်ငန်းများပွင့်လင်းမြင်သာမှု: အကောင်းဆုံးလုပ်ဆောင်သူက ပိုကောင်းလာ။ ဒါပေမယ့် တခြားသူ(ကုမ္ပဏီ)တွေကော? - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မြန်မာ့စီးပွားရေးလုပ်ငန်းများပွင့်လင်းမြင်သာမှု: အကောင်းဆုံးလုပ်ဆောင်သူက ပိုကောင်းလာ။ ဒါပေမယ့် တခြားသူ(ကုမ္ပဏီ)တွေကော?

မြန်မာ့စီးပွားရေးလုပ်ငန်းများပွင့်လင်းမြင်သာမှု: အကောင်းဆုံးလုပ်ဆောင်သူက ပိုကောင်းလာ။ ဒါပေမယ့် တခြားသူ(ကုမ္ပဏီ)တွေကော?

This study compares the websites of 100 of the largest Myanmar companies. The aim of the report is to encourage increased transparency by Myanmar businesses.
This study compares the websites of 100 of the largest Myanmar companies. The aim of the report is to encourage increased transparency by Myanmar businesses.

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က ဒုတိယအကြိမ်မြောက် ပွင့်သစ်စ စီမံကိန်း (သို့မဟုတ်) မြန်မာ့စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေးစီမံကိန်း (TiME) အစီရင်ခံစာကို ယနေ့ စတင်ထုတ်ပြန်လိုက်ပါသည်။

2015 Pwint Thit Sa Report (English and Burmese)
Document PDF, 3029 downloads, ဇူလိုင် 20, 2015

ဤအစီရင်ခံစာကို မြန်မာနိုင်ငံရှိ အကြီးဆုံး ကုမ္ပဏီကြီး ၁၀၀ ၏ ၀ဘ်ဆိုဒ်ပေါ်တွင် ဖော်ပြထားသော သတင်းအချက်အလက်များကို အခြေခံ၍ လေ့လာထားပြီး စီးပွားရေးလုပ်ငန်းများ၏ စီမံဆောင်ရွက်မှု နှင့် လုပ်ဆောင်ပုံများ၊ အထူးသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်း မြင်သာမှု၊ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု၊ ကျန်းမာရေး၊ လုံခြုံစိတ်ချရမှုနှင့် ပတ်ဝန်းကျင် အပေါ်သက်ရောက်မှု ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ၎င်းစီးပွားရေးလုပ်ငန်းကြီးများ၏ ဖော်ပြ ချက်များကို လေ့လာသုံးသပ်၍ အကဲဖြတ် အမှတ်ပေးထားခြင်းဖြစ်ပါသည်။ ကုမ္ပဏီမှ ထုတ်ပြန် ထားသည့် သတင်းအချက်အလက်များကိုသာ အခြေခံ၍ အကဲဖြတ် အမှတ်ပေး ထားခြင်းဖြစ်ပြီး ၎င်းတို့၏ အမှန်တကယ် ပြုလုပ်ဆောင်ရွက်မှုများကို ကွင်းဆင်း သုတေသန ပြုလုပ်ထားခြင်း မဟုတ်ပါ။ အစီရင်ခံစာ၏ အဓိကရည်ရွယ်ချက်မှာ မြန်မာ့စီးပွားရေးလုပ်ငန်းများမှ ပွင့်လင်း မြင်သာမှုရှိသော လုပ်ဆောင်မှုများကို တိုးမြှင့်လုပ်ဆောင်လာစေရန် တိုက်တွန်း အားပေးခြင်းပင် ဖြစ်ပါသည်။

၂၀၁၄-ခုနှစ်တွင် အကောင်းဆုံးလုပ်ဆောင်ခဲ့သော ကုမ္ပဏီများက ၂၀၁၅-ခုနှစ်တွင်လည်း ဆက်လက်ပြီး ပွင့်လင်းမြင်သာမှုတွင် အကောင်းဆုံးလုပ်ဆောင်သည်ကို  ၂၀၁၅-ခုနှစ် အစီရင်ခံစာ တွင် တွေ့မြင်ရမည်ဖြစ်သည်။ သတင်းအချက်အလက်များ လူထုထံ ရောက်ရှိအောင် ကုမ္ပဏီများ၏ ဆောင်ရွက်မှုများ တိုးတက်လာသည်။ ပွင့်လင်းမြင်သာမှုအရှိဆုံး မြန်မာ ကုမ္ပဏီကြီးမှာ Serge Pun and Associates (SPA) (၂၀၁၄-ခုနှစ် အစီရင်ခံစာတွင် နံပါတ် ၉ နေရာတွင်သာရှိခဲ့သည်) ဖြစ်ပြီး ဒုတိယ ပွင့်လင်းမြင်သာမှုအရှိဆုံး ကုမ္ပဏီကြီးမှာ Max Myanmar (၂၀၁၄-ခုနှစ် အစီရင်ခံစာတွင် နံပါတ် ၃ နေရာတွင်သာရှိခဲ့သည်)နှင့် KBZ က တတိယနေရာတွင်သာ ရှိနေသည် (၂၀၁၄-ခုနှစ် အစီရင်ခံစာတွင် နံပါတ် ၁ နေရာမှာရှိခဲ့သည်)။ ဦးဆောင်ကုမ္ပဏီကြီးများက အခွန်ပေးဆောင်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘ၀ထိခိုက်မှု ဆန်းစစ်လေ့လာချက် (ESIA)များအပြင် ဘဏ္ဍာရေး အချက်လက်များကိုပါ ဝဘ်ဆိုဒ်များတွင်ဖော်ပြ လာကြသည်။

သို့သော်လည်း ကုမ္ပဏီ ၁၀၀ ထဲမှ ကုမ္ပဏီ ၃၉ ခုမှာ ၀ဘ်ဆိုဒ်မရှိပါ။ ထို့ကြောင့် အစီရင်ခံစာတွင် သုညသာ ရရှိထားပါသည်။ ၄၀ လောက်သောကုမ္ပဏီများက  အုပ်စု (သို့မဟုတ်) ကုမ္ပဏီခွဲများ၏ ၀ဘ်ဆိုဒ်တွင် သတင်းအချက်အလက် အနည်းငယ်သာဖော်ပြထားခြင်း (သို့မဟုတ်) စီးပွားရေး လုပ်ငန်းများ၏ စီမံဆောင်ရွက်မှုနှင့် အစီရင်ခံစာကို အထောက်အပံ့ဖြစ်စေသည့် သတင်း အချက်အလက်များကို ဖော်ပြထားခြင်းမရှိပါ။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှာ ဒါရိုက်တာ ဗစ်ကီဘိုမန်က “ မြန်မာ့ ဦးဆောင်ကုမ္ပဏီကြီးတွေက ပွင့်လင်းမြင်သာမှုကို ကတိက၀တ် အတိုင်း ဆက်လက်လုပ်ဆောင်နေပြီး ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ စီမံဆောင်ရွက်မှု ကိုလည်း လုပ်ဆောင်နေကြပါတယ်။ ဒါဟာ social licence to operate ကို ထိန်းသိမ်းနိုင်ဖို့ အခြေခံကျတဲ့ ကြိုးပမ်းမှု ဖြစ်တယ်ဆိုတာကိုလည်း သူတို့တွေ သိလာကြပါတယ်” ဟု ပြောသည်။

ပွင့်သစ်စ စီမံကိန်းမှာ ပါဝင်နိုင်ဖို့ မေးမြန်းစုံစမ်းတဲ့ ကုမ္ပဏီငယ်လေးတွေကိုလည်း  ကျွန်မတို့က တိုက်တွန်းအားပေးပါတယ်။ ပွင့်လင်းမြင်သာမှုနဲ့ အပြုသဘောဆောင်တဲ့ အရိပ်လက္ခဏာတွေကို စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေ၊  အလုပ်သမားတွေ နဲ့ လူမှုအဖွဲ့အစည်းတွေဆီကို အရောက်ပို့ပေးဖို့ လိုတယ်ဆိုတာကို စီးပွားရေးလုပ်ငန်းတွေက နားလည်လာကြပါတယ်။ ဒီနှစ်နောက်ပိုင်း ကျွန်မတို့ ပွင့်သစ်ကစီမံကိန်း အသေးလေးတစ်ခု စမ်းသပ်မှာပါ။ အဲ့ဒီ စီမံကိန်းမှာတော့ ဘယ်ကုမ္ပဏီငယ်တွေ မဆို ပွင့်သစ်စစီမံကိန်းမှာ ဆန္ဒအလျောက် ပါဝင်ချင်ရင် ကုမ္ပဏီကြီးတွေကို လေ့လာ အမှတ်ပေး သလိုပဲ အဆင့်သတ်မှတ်ပြီး အမှတ်ပေးဖော်ပြမှာပါ။

ကုမ္ပဏီတွေမှာ ၀ဘ်ဆိုဒ်တွေရှိပေမယ့် မြန်မာ ဘာသာစကားနဲ့ ဖော်ပြထားတဲ့ သတင်း အချက်အလက်တွေက အင်္ဂလိပ်လိုဖော်ပြထားထာထက် နည်းတယ်။ ကုမ္ပဏီကြီး တော်တော် များများမှာ ၀ဘ်ဆိုဒ်မရှိသေးတာ ဒါမှမဟုတ် ဈေးရောင်းဖို့အတွက် ဖွင့်ထားတဲ့ site တွေမှာလည်း စီးပွားရေးလုပ်ငန်းရဲ့ စီမံဆောင်ရွက်မှု သတင်းအချက်အလက် အနည်းငယ်ကိုပဲ ဖော်ထားတာ တွေ့ရလို့ စိတ်ပျက်မိပါတယ်လို့ ဗစ်ကီဘိုမန်က ကဆိုပါတယ်။

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် သုံးစွဲမှုက ပိုပြီးများလာပါတယ်။ အဲ့ဒါကြောင့် ကျွန်မတို့က ဒီဆက်သွယ်ရေးနည်းလမ်းတွေကို အသုံးပြုပြီး သတင်းအချက်အလက်တွေကို ပါဝင်ပါတ်သက်သူ တွေနဲ့ သတင်းထောက်တွေဆီ ထုတ်ဖော်ပြောကြားဖို့ ကုမ္ပဏီတွေကို တိုက်တွန်းအားပေးပါတယ်။ ဒါပေမယ့် မြန်မာ ကုမ္ပဏီကြီးတွေကို ဘဏ္ဍာရေးနှင့် မသက်ဆိုင်တဲ့ (non-financial) သတင်း အချက်အလက်တွေကို အစီရင်ခံတင်ပြဖို့  ဥပဒေအရ တောင်းခံတာ မရှိသေးပါဘူး။ ဆန္ဒအလျောက် သတင်းအချက် အလက်တွေကို ထုတ်ဖော်ပြောကြားခြင်းဟာ စီးပွားရေးလုပ်ငန်းတွေအတွက် ကောင်းမွန်တဲ့နားလည်မှုတွေ၊ ယုံကြည်မှုတွေကို ရရှိဖို့ အလားလာကောင်းဖြစ်ပါတယ်။ ကုမ္ပဏီတွေက လူထုကိုပေးထားတဲ့ ကတိအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ၊မရှိကို ဒေသတွင်း မီဒီယာတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက လေ့လာကြလိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်။

သဘာဝသယံဇာတ ကဏ္ဍတွေမှာ ပါဝင်နေတဲ့ ကုမ္ပဏီတွေဖက်ကို ပြန်လှည့်ရမယ်ဆိုရင်လည်း SMART၊ Parami နဲ့ Myanmar Petroleum Resources Limited (MPRL) တို့လို ရေနံနှင့် သဘာဝဓာတ်ငွေ့/၀န်ဆောင်မှု ကဏ္ဍမှာ ပါဝင်နေကြတဲ့ မြန်မာကုမ္ပဏီတွေဟာ သူတို့ကိုယ်သူတို့ မြန်မာကုမ္ပဏီတွေကြားမှာ ပွင့်လင်းမြင်သာမှုအတွက် ဦးဆောင်သူတွေဖြစ်လာဖို့ ကြိုးပမ်းလုပ်ဆောင် နေတာတွေကို တွေ့မြင်နေရပါတယ်။ ဒါပေမယ့် ကျောက်စိမ်း တူးဖော်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီတွေအတွက်တော့ ပြဿနာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) အဖွဲ့ဝင်လောင်း နိုင်ငံဖြစ်တာကြောင့် မြန်မာ ကုမ္ပဏီတွေအတွက် ဒီကဏ္ဍကနေ သတင်းအချက်အလက် တွေကို ဆန္ဒအလျောက် ထုတ်ဖော်ပြောကြားမယ့် အခွင့်အရေး တစ်ခုရှိနေပြီး သယံဇာတ ကျိန်စာတားဆီးရေးအတွက်လည်း အကူအညီဖြစ်မယ်လို့ ဗစ်ကီဘိုမန်က သုံးသပ်ပြောဆိုပါသည်။

ဒီနှစ်ကတော့ ပွင့်သစ်စစီမံကိန်း အစီရင်ခံစာမှာ အကြံပြုချက်တွေကို  မြန်မာကုမ္ပဏီတွေအပြင် အစိုးရ၊ ၂၀၁၆ လွှတ်တော် ( အထူးသဖြင့် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေနှင့် မြန်မာ နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို ပြင်ဆင်ဖို့ )၊ ရင်းနှီးမြှုပ်နှံသူတွေ၊ အရပ်ဘက် အဖွဲ့အစည်း တွေနဲ့ သတင်းမီဒီယာများ တွေအတွက်ကိုပါ ဖော်ပြထားပါတယ်။

၂၀၁၆-ခုနှစ်မှာလည်း အလားတူ သုတေသနလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ ဒီစီမံကိန်းနဲ့  ပတ်သက်ပြီး တိုးတက်အောင် ဘယ်လိုလုပ်ဆောင်သင့်သလဲ ဆိုတဲ့ အကြံပေး တာတွေကိုလည်း MCRB က ကြိုဆိုပါတယ်။

 

နောက်ခံအကြောင်း

၁။ ရန်ကုန်အခြေစိုက် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ကိုယူကေ အခြေစိုက် လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းအဖွဲ့ (Institute for Human Rights and Business)နှင့် ဒိန်းမတ် လူ့အခွင့်အရေးအဖွဲ့အစည်း(Danish Institute for Human Rights)တို့ ပူးပေါင်းဖွဲ့စည်းပြီး ယူနိုက်တတ်ကင်းဒမ်၊ ဒိန်းမတ်၊နော်ဝေ၊ ဆွစ်ဇာလန်၊နယ်သာလန်၊အိုင်ယာလန်တို့က ထောက်ပံ့ပေးပါသည်။ ပြည်တွင်းလိုအပ်ချက်များပေါ်မှုတည်၍ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်လာရန်လိုအပ်သော အသိပညာ၊ စွမ်းဆောင်ရည်၊ စကားဝိုင်းများကို ဖန်တီးရန်အတွက် ထိရောက်မှုရှိပြီး တရားဝင်မှုရှိသော လမ်းကြောင်း တစ်ခု ပေါ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ဌာနကို ၂၀၁၃-ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ (MCRB) သည် စီးပွားရေးလုပ်ငန်းများ ၊အရပ်ဘက်လူ့အဖွဲ့အစည်းများ ၊ အစိုးရများနှင့်အတူ ဘက်လိုက်မှုမရှိဘဲ လုပ်ကိုင်ဆောင်ရွက်နေသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

၂။  သုတေသနကို ၂၀၁၃-၂၀၁၄ ဘဏ္ဌာရေးနှစ်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်သော ဝင်ငွေခွန် အများဆုံး ပေးဆောင်ထားသူစာရင်း(၁ဝဝ၀)နှင့် ကုန်သွယ်လုပ်ငန်းခွန်အများဆုံး ပေးဆောင် ထားသူစာရင်း (၁ဝဝ၀) ကို အခြေခံ လေ့လာ၍  ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းကုမ္ပဏီများ၏ ကုမ္ပဏီခွဲများကိုလည်း မိခင်ကုမ္ပဏီတစ်ခုတည်း အောက်တွင်  ထည့်သွင်း ထားပါသည်။ ၎င်းကုမ္ပဏီများ ၏ စာရင်းအပြည့်အစုံကို သိရှိလိုပါက MCRB ၏ ၀ဘ်ဆိုဒ်တွင် ကြည့်ရှုနိုင်ပါသည်။

၃။ ကုမ္ပဏီများ၏ ၀ဘ်ဆိုဒ် များကိုအကဲဖြတ်ရာတွင် အသုံးပြုမည့် မေးခွန်း ၃၅ ခု/ အကြောင်းအရာများ ကို အစီရင်ခံစာ၏ နောက်ဆက်တွင် ဖော်ပြထားပြီး သတင်းမီဒီယာများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်များ ဖော်ပြထားသော ကုမ္ပဏီများကိုလည်း ကြည့်ရှုနိုင်ပါသည်။

၎။ မတ်လတွင် ကုမ္ပဏီများကို အကြောင်းကြားပြီး ၀ဘ်ဆိုဒ်ကို စတင်သုတေသနလုပ်ကာ ၎င်းတို့၏ ၀ဘ်ဆိုဒ်တွင် တွေ့ရှိသော သတင်းအချက်လက်မူကြမ်းကိုလည်း ကုမ္ပဏီများထံသို့ မေလတွင် ပို့ပေးခဲ့ပါသည်။ အကြံပြုချက်များ (သို့မဟုတ်) ကုမ္ပဏီများ၏ ၀ဘ်ဆိုဒ်တွင် သတင်းအချက် အလက်များ ထပ်မံတင်ပေးရန် ဖိတ်ခေါ်ခဲ့ပါသည်။ ဇွန်လ ၃၀ ရက်နေ့အထိ ဖော်ပြထားသော သတင်းအချက်အလက်များကိုသာ ခြေခံ၍ အသုံးပြုသွားမည့်အကြောင်းကိုလည်း အသိပေးခဲ့ပါသည်။

၅။ ၂၀၁၄-ခုနှစ် ပွင့်သစ်စ စီမံကိန်း အစီရင်ခံစာကို http://www.myanmar-responsible business.org/news/first-pwint-thit-sa-time-report.html တွင် ကြည့်ရှုနိုင်ပါသည်။

၆။ ဤစီမံချက်တွင် အသုံးပြုသည့် မေးခွန်းအများစုကို နိုင်ငံတကာအဖွဲ့ အစည်းတစ်ခုဖြစ်သည့် Transparecy International ၏ အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့စစ်တမ်း (Transparency in Corporate Reporting Report) (©Transparency International. All rights Reserved.) ပေါ်တွင်အခြေခံထားပါသည်။ အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့ စစ်တမ်း (Transparency in Corporate Reporting Report) သည် ကုမ္ပဏီများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ထုံးလုပ်နည်းများ၊ ကုမ္ပဏီတစ်ခုချင်းစီ၏ လုပ်ငန်းခွဲများ၊ ရင်းနှီးမြုပ်နှံမှုများ၊ မိမိစီးပွားရေး လုပ်ကိုင်နေသောနိုင်ငံတစ်ခုချင်းစီတွင် မိမိစီးပွားရေးလုပ်ဆောင်ချက်များကို မည်မျှ ဖော်ပြသည်ဟူသော နယ်ပယ်များကိုဆန်းစစ် လေ့လာပါသည်။ နောက်ဆုံး အစီရင်ခံစာကို ၂၀၁၄-ခုနှစ် နိုဝင်ဘာလတွင် ထုတ်ဝေခဲ့ပါသည်။ သတင်းအချက်အလက်များကို ပိုမိုသိရှိလိုပါက www.transparency.org တွင် ကြည့်ရှုနိုင်ပါသည်။

________________________________________

ဤစီမံကိန်းနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက

ဖြူဖြူဇင် (စီမံကိန်းနှင့်ဆက်သွယ်ရေး အရာရှိ)

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန(MCRB)

ဖုန်း-09799667713 (သို့မဟုတ်) အီးမေးလ် သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Comments on the draft Myanmar Telecommunications Master Plan
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
Comments on the draft Myanmar Telecommunications Master Plan
Tourism in Ethnic Minority Areas in Myanmar
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
Tourism in Ethnic Minority Areas in Myanmar

Latest TiME News

© 2024 Myanmar Centre for Responsible Business