ဥပဒေနှင့်အညီ ကြားဖြတ်နားထောင်ခွင့်ပြုသည့် စည်းမျဉ်းစည်းကမ်းများ မရှိခြင်းကြောင့် စိုးရိမ်နေရ သော လူအခွင့်အရေးနဲ့လုံခြုံမှု အခြေအနေများ
လူစီပါဒန်၊ မြန်မာတိုင်း(မ်)၊ တနင်္လာနေ့၊ ဇန်န၀ါရီလ ၂၆၊ ၂၀၁၅
ကမ္ဘာပေါ်မှာ အလျင်အမြန်ဆုံးနဲ့ ဖြစ်ထွန်းနေတဲ့ တယ်လီဖုန်း ဆက်သွယ်ရေး ဈေးကွက်များထဲမှာ မြန်မာနိုင်ငံက အပါဝင်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာ့ဆက်သွယ်ရေးဥပဒေမူဘောင်ရဲ့ အရေးကြီးတဲ့ အပိုင်းထဲက တစ်ခုဖြစ်တဲ့ တရားဥပဒေနှင့်အညီ ကြားဖြတ်ယူနားထောင်ခြင်းလို့လည်း လူသိများတဲ့ တယ်လီဖုန်းဆက်သွယ်မှုများကို ဥပဒေစိုးမိုးရေးတာဝန်ရှိသူများက ကြားဖြတ်နားထောင်ခြင်းကို ထိန်းကွပ် ပေးတဲ့ စည်းမျဉ်းစည်းကမ်းတွေ အပြီးသတ်ရေးဆွဲရန် ကျန်ရှိနေပါသေးတယ်။
ဒီအခါမှာ တယ်လီဖုန်းဆက်သွယ်မှုတွေကို ကြားဖြတ်နားထောင်ခြင်းကို ထိန်းကွပ်တဲ့ ဥပဒေထားရှိဖို့ ဘာကြောင့်အရေးကြီးလဲ ဆိုတာ သိဖို့လိုလာပါပြီ။ တရားဥပဒေစိုးမိုးရေးတာဝန်ရှိသများအနေနဲ့ ရာဇ၀တ်မှုများကို တားဆီးဖို့ လိုအပ်တဲ့ ဥပဒေတွေထားရှိဖို့ လိုအပ်တာမှန်တယ်ဆိုပေမယ့်လည်း ဒီလိုမျိုး တယ်လီဖုန်းဆက်သွယ်မှုတွေကို ဥပဒေကြောင်းအရ ကြားဖြတ်နားထောင်နိုင်ဖို့ကို ခွင့်ပြုတဲ့ ဥပဒေမျိုးကို လွဲမှားစွာအသုံးမပြုမိအောင် ကာကွယ်သင့်ပါတယ်။ ပြောရမယ်ဆိုရင်တော့ လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို သိုသိပ်ထားရှိခွင့်စတဲ့ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို သင့်တော် တဲ့ ကာကွယ်မှုမျိုးပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။
ဥပဒေက ခွင့်ပြုထားတဲ့ တယ်လီဖုန်းဆက်သွယ်မှုများကို ကြားဖြတ်နားထောင်ခြင်းဟာ သူတပါးရဲ့ ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှုများကို ထိပါးနှောင့်ရှက်မှုဖြစ်စေနိုင်ပါတယ်။ တရားဥပဒေစိုးမိုးရေး အဖွဲ့များ အနေနဲ့ လူတစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုရဲ့ တယ်လီဖုန်းဆက်သွယ်မှုတွေ ကို ကြားဖြတ်နားထောင်နိုင်တဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် ပြောရရင်တော့ အကြမ်းဖက်မှုလိုမျိုး ရာဇ၀တ်မှုကြီးတွေ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သံသယရှိတဲ့ အဖွဲ့တွေနှင့် ပုဂ္ဂိုလ်တို့ရဲ့ တယ်လီဖုန်းဆက်သွယ်မှုကို ကြားဖြတ်နားထောင်နိုင်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေဟာ ဒီဥပဒေ၊ ဒီနည်းပညာကိုပဲ မမှန်မကန်အသုံးပြုကာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ သို့မဟုတ် လူနည်းစု အစုအဖွဲ့တွေ စတဲ့ တဦးချင်းကိုသော်လည်းကောင်း၊ အဖွဲ့အစည်းကိုသော်လည်းကောင်း ခြိမ်းခြောက်မှုနည်းတွေထဲက တစ်နည်းဖြစ်တဲ့ ပစ်မှတ်ထား စောင့်ကြည့်ခြင်းမျိုးတွေ ရှိလာနိုင်ပါတယ်။
သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ တယ်လီဖုန်း ဆက်သွယ်မှုများအတွင်းက အကြောင်းအရာများ၊ ဥပမာအားဖြင့် ဖုန်းပြောဆိုမှုများ၊ မတ်ဆေ့ စာသားများ၊ အီးမေလ်းများကို ရရှိနိုင်ရန် တောင်းဆိုလာခဲ့ပါက အခြားနိုင်ငံများတွေမှာ ကြားဖြတ်နားထောင်ခြင်း၊ အချက်အလက်ရယူခြင်းကို ထိန်းကွပ်တဲ့ စည်းမျဉ်းများဟာ များသောအားဖြင့် တင်းကြပ်လေ့ရှိပါတယ်။ သို့သော်လည်း မိုဘိုင်းဖုန်း သို့မဟုတ် ကွန်ပျူတာ အသုံးပြုသူတွေဆီကနေ သူတို့ရောက်ရှိနေနေတဲ့ နေရာကို ပြတဲ့ အချက်အလက်မျိုးလို့ စတဲ့ သုံးစွဲသူတို့ရဲ့ လုံခြုံရေးအတွက်အရေးကြီးတဲ့ အချက်အလက်တွေ အလွယ်တကူရရှိနိုင်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီလိုမျိုးအချက်အလက်တွေ တရားဝင်ခွင့်ပြုချက်မရှိပဲ ရယူခြင်းမျိုးကို ကာကွယ်ဖို့ ဥပဒေကြောင်းအရ တယ်လီဖုန်းဆက်သွယ်မှုများ ကြားဖြတ်နားထောင်ခြင်းကို ထိန်းကွပ်တဲ့ စည်းမျဉ်းတွေ နဲ့ ကာကွယ်ပေးဖို့ လိုအပ်ပါမယ်။ ဆိုလိုတာကတော့ တင်းကြပ်တဲ့ စံချိန်စံညွှန်းတွေနဲ့သာ ရယူခွင့်ပြုမယ့် သဘောပဲဖြစ်ပါတယ်။
ဘယ်လို ဆက်သွယ်မှုမျိုးကို ဘယ်လိုအာဏာပိုင်အရာရှိတွေက ဘယ်လို သံသယရှိတဲ့ ရာဇ၀တ်မှုတွေ အတွက် စုံစမ်း ကြားဖြတ်နားထောင်ခွင့်ပြုမယ်ဆိုတဲ့ စံချိန်စံညွှန်းမျိုးက မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။ တယ်လီဖုန်းဆက်သွယ်မှုများကို ထိန်းကွပ်တဲ့ စည်းမျဉ်းစည်းကမ်းများကို အတည်မပြုခင် မူကြမ်းကို ပြည်သူတွေရဲ့အကြံပြုချက်ကို ရယူသွားမယ်လို့ အစိုးရက ကတိပြုထားပါတယ်။ ဒါဟာ အခြား လုပ်ဆောင်ပြီးသား တယ်လီဖုန်းဆက်သွယ်ရေး စည်းမျဉ်းတွေနဲ့အတူ ကြိုဆိုရမယ့် ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။
ဒါဆိုရင် စည်းမျဉ်းမူကြမ်းတွေထဲ ဘာတွေပါဝင်သင့်လဲဆိုတာ သိဖို့လိုလာပါတယ်။ အဆိုပါ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲရာမှာ အခြားနိုင်ငံတွေက ချမှတ်ပြီးသား လုပ်ထုံးလုပ်နည်းတွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂစစ်တမ်းတွေအပေါ်မှာ အတုယူ အခြေခံပြီး အောက်ပါ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ တယ်လီဖုန်းကြားဖြတ်နားထောင်ခွင့်အတွက် လိုအပ်ချက်တွေကို ထည့်သွင်း ရေးဆွဲရမှာ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ တယ်လီဖုန်းကြားဖြတ်နားထောင်ခြင်းတွေကို တိကျသေချာတဲ့ လူပုဂ္ဂိုလ်တစ်ဦး တစ် ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုမျိုးကိုသာ ချိန်ရွယ်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုချိန်ရွယ်တဲ့ နေရာမှာ ရာဇ၀တ်မှုကျူးလွန်မှုမှာ ပါဝင်တယ်ဆိုတဲ့ ကြိုတင်သိရှိထားတဲ့ သံသယရှိမှုမျိုး ရှိမှသာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ တယ်လီဖုန်းကြားဖြတ် နားထောင်ခြင်းမျိုးကို အခြေအနေ၊ အကြောင်းအရာမခွဲခြားပဲ လူအများအပေါ်သက်ရောက်စေမယ့် လုပ်ဆောင်မှုမျိုး မဖြစ်ရ ပါဘူး။
ဒီစည်းမျဉ်းကို အတည်ပြုပြီးတဲ့အချိန်မှာတော့ တရားဥပဒေအရ တယ်လီဖုန်းလိုင်းများ ကြားဖြတ် နားထောင်နိုင်ခွင့်ကို ကြိုတင်ခွင့်ပြုမိန့် ရယူရမှာဖြစ်ပါတယ်။ အခြားနိုင်ငံတွေမှာဆိုရင်တော့ ဒီလိုမျိုး ခွင့်ပြုမိန့်ကို တရားစီရင်ရေး သို့မဟုတ် အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ရပ်ရပ်ရဲ့ အခွင့်အာဏာနဲ့သာ ဆက်သွယ်ရေးကုမ္ပဏီကို တရားဥပဒေအရ ကြားဖြတ်နားထောင်နိုင်ခွင့်၊ အချက်အလက်ရယူခွင့်အတွက် တင်ပြရမှာဖြစ်ပါတယ်။ တရားရုံးကိုခွင့်ပြုမိန့်တောင်းခံတဲ့ ဥပဒေအရ လုပ်ဆောင်တဲ့ တယ်လီဖုန်းလိုင်းများ ကြားဖြတ်နားထောင်နိုင်ခွင့်တိုင်းထဲမှာ လုပ်ဆောင်မယ့်အချိန်၊ လိုအပ်မယ့်အချိန်နဲ့ ပြုလုပ်နိုင်ခွင့်ကို အထောက်အကူဖြစ်စေမယ့် တိကျစွာတင်ပြထားတဲ့ အကြောင်းပြချက်မျိုးတွေ ပါဝင်သင့်ပါတယ်။ တစ်နည်းအားဖြင့် အချိန်အကန့်အသတ်မရှိ့  စောင့်ကြည့်ခြင်းမျိုးကို ခွင့်မပြုသင့်တဲ့ သဘောပဲဖြစ်ပါတယ်။
မကြာသေးခင်က ထုတ်ပြန်ထားတဲ့ ဆက်သွယ်ရေး လိုင်စင်ထဲက စည်းမျဉ်းသတ်မှတ်ချက်တွေထဲမှာ ဆိုရင်လည်း ဥပဒေနဲ့အညီတယ်လီဖုန်းကြားဖြတ်နားထောင်ခြင်း ခွင့်ပြုမိန့်တိုင်းမှာ တရားရုံးက ခွင့်ပြုမိန့်ပါရှိရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်ကို စည်းမျဉ်းစည်းကမ်းနဲ့ သတ်မှတ်ပြဌာန်းထား တာမျိုး မရှိသေးပါဘူး။ ဒီစည်းမျဉ်းတွေထဲမှာ ရဲတပ်ဖွဲ့ကဲ့သို့ တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူများက အော်ရီဒူး၊ တယ်လီနောကဲ့သို့ အော်ပရေတာတွေထံမှ ဥပဒေအရခွင့်ပြုထားတဲ့ တယ်လီဖုန်းကြားဖြတ် နားထောင်နိုင်ခွင့် တောင်းခံခြင်း လုပ်ဆောင်မှုပုံစံကို တိကျစွာသတ်မှတ်ဖို့ လိုအပ်ပါတယ်။
Global Network Initiative (GNI) လမ်းညွှန်မှုများ အကောင်အထည်ဖော်ခြင်း (the Global Network Initiative (GNI) Implementation Guidelines) နဲ့ မြန်မာဘာသာနဲ့ ဖော်ပြထားတဲ့ ဆက်သွယ်ရေး လုပ်ငန်းလွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင် အခွင့်အရေးဆိုင်ရာ လမ်းညွှန်မူများ (the Guiding Principles of the Telecommunication Industry Dialogue on Freedom of Expression and Privacy) ကဲ့သို့ ထွက်ပေါ်လာတဲ့ လုပ်ငန်းစံနှုန်းစံညွှန်းတွေကလည်း အသုံးဝင်တဲ့ လမ်းညွှန်မှုတွေ ဖြစ်စေပါတယ်။
တယ်လီဖုန်းပြောဆိုမှုများကြားဖြတ်နိုင်ခွင့် တောင်းခံခွင့်ကို သတ်မှတ်ထားတဲ့သူ(သို့မဟုတ်) အခွင့်အာဏာရှိသူကိုယ်စား ဥပဒေပြဌာန်းသူ လက်ရှိတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကနေ ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူ အော်ပရေတာထံကို စာဖြင့် ရေးသားပြီး တောင်းခံရပါမယ်။
တရားရုံးရဲ့အမိန့်ပါရှိရမှာဖြစ်တဲ့ တယ်လီဖုန်းဆက်သွယ်မှု ကြားဖြတ်နားထောင်နိုင်ခွင့်ကို တောင်းခံခြင်း တိုင်းမှာ လိုအပ်တဲ့ ကြားဖြတ်နားထောင်ဖို့ကြာချိန် အပါအ၀င် ဖြစ်နိုင်သလောက် အချက်အလက် တော်တော်များများကို ထည့်သွင်း တောင်းခံဖို့လိုပါတယ်။ ဒါ့အပြင် အချက်အလက်များကို အပြင်ကို မပေါက်ကြားစေနိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ ရောက်ရှိတဲ့အခါ အာဏာပိုင်များမှ ရရှိထားတဲ့ အချက်အလက်များကို ဖျက်စီးပစ်ဖို့ လိုအပ်ပါလိမ့်မယ်။
စည်းမျဉ်းများချမှတ်ပြီးတဲ့အခါ တရားသူကြီးများအနေနဲ့ ဒီလိုမျိုး အရေးကိစ္စတွေမှာ ပါဝင်နိုင်ဖို့ ကြိုတင် လေ့ကျင့်ထားဖို့ လိုပါလိမ့်မယ်။
တရားရုံးရဲ့အမိန့်နဲ့ ကြားဖြတ်နားထောင်ရန် တောင်းဆိုမှုမျိုးကိုလက်ခံရရှိတဲ့အခါ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဆက်သွယ်ရေး အော်ပရေတာတွေအနေနဲ့ တောင်းဆိုမှုတွေဟာ သတ်မှတ်ထားတဲ့ ဥပဒေများအားလုံးနဲ့ ကိုက်ညီရဲ့လားဆိုတာကို သေချာစွာစစ်ဆေးရပါမယ်။ အကယ်၍ ဥပဒေများအားလုံး နဲ့ ကိုက်ညီပြီဆိုရင်တော့ တယ်လီဖုန်း ဆက်သွယ်မှုများ ကြားဖြတ်နားထောင်ခြင်းကို ခွင့်ပြုနိုင်ပြီး အချက်အလက်များကိုလည်း ရရှိဖို့ ခွင့်ပေးနိုင်ပြီ ဖြစ်ပါတယ်။ တောင်းဆိုမှုထဲပါဝင်တဲ့ အချက်အလက်များ ဟာ တိကျမှုနှင့် အဓိပ္ပါယ်ရှင်းလင်းမှု မရှိခြင်းများ စတဲ့ ဥပဒေနဲ့ မကိုက်ညီတဲ့ တောင်းဆိုမှုမျိုးဆိုရင်တော့ အော်ပရေတာတွေအနေနဲ့ မရှင်းတာတွေကို ရှင်းအောင်တောင်းဆိုရမှာ ဖြစ်ပါတယ်။
တယ်လီဖုန်းဆက်သွယ်မှုများ ကြားဖြတ်နားထောင်နိုင်ဖို့အတွက် ဆက်သွယ်ရေး စနစ်များကို သတ်မှတ်ထားတဲ့ စံညွှန်းများနဲ့ နည်းပညာများအတိုင်း ပြင်ဆင်ထားဖို့လိုပါတယ်။ ဥရောပ ဆက်သွယ်ရေး စံနှုန်းအဖွဲ့ (The European Telecommunications Standards Institute (ETSI)) ကနေ တရားဥပဒေအရ တယ်လီဖုန်းဆယ်သွယ်မှုများ ကြားဖြတ်နားထောင်ခွင့်အတွက်အတွက် လိုအပ်ချက် စည်းမျဉ်း စည်းကမ်းတွေအပါအ၀င် နိုင်ငံတကာ ICT စံနှုန်းများကို သတ်မှတ်ပေးဖို့ တာဝန်ယူထားပါတယ်။ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ အိန္ဒိယတို့က အုပ်ချုပ်ရေးအဖွဲ့များ၊ သုတေသန အဖွဲ့အစည်းများ၊ ၀န်ဆောင်မှု ပေးအပ်သူများနဲ့ ကုန်ထုတ်လုပ်သူများ ဟာ အဆိုပါ ETSI ရဲ့ အသင်းဝင်များဖြစ်ပါတယ်။
မကြာသေးခင်နှစ်များက နည်းဥပဒေအရထိမ်းချုပ်မှုမရှိတဲ့ တယ်လီဖုန်းဆက်သွယ်မှုများ ကြားဖြတ် နားထောင်ခြင်း နည်းလမ်းများအတွက် နည်းပညာများလုပ်ဆောင်နိုင်တဲ့ အဖွဲ့အစည်းများ ထွက်ပေါ် လာပါတယ်။ လူမှုအဖွဲ့အစည်းများ အနေနဲ့ ဒီလိုကုမ္ပဏီတွေဟာ သူတို့ရဲ့နည်းပညာကို နည်းဥပဒေအရ ထိမ်းချုပ်မှုမရှိဘဲ သံသယရှိတဲ့လူပုဂ္ဂိုလ် တစ်ဦးတစ်ဦးကို ပစ်မှတ်ထားကာ ဆက်သွယ်မှုများကို ကြားဖြတ်နားထောင်လိုသူတွေထံ ရောင်းချသွားမှာကို စိတ်ပူလျက်ရှိခဲ့ကြပါတယ်။ ဒ့ါအပြင် ကုမ္ပဏီတွေ အနေနဲ့ ခွင့်ပြုမိန့်တောင်းခံခြင်းမပြုဘဲ လူ့အခွင့်အရေးကို ချိုးဖောက်ကာ လူအများအပြားအပေါ် စောင့်ကြည့်ခြင်းတွေ လုပ်လာနိုင်နိုင်မလားဆိုတာလည်း စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဥပဒေအရ တယ်လီဖုန်းဆက်သွယ်မှုများ ကြားဖြတ်နားထောင်ခြင်း စည်းမျဉ်းများ ဖြစ်ထွန်းလာဖို့ လုပ်ဆောင်နေသလို ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန အနေနဲ့လည်း ဒီလိုမျိုး နည်းပညာ လွဲမှားစွာ အသုံးပြုမှုတွေဖြစ်ပေါ်မလာဖို့ အကြံပြုမှုတွေရယူနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ ခြုံငုံသုံးသပ်ရရင်တော့ စည်းမျဉ်းစည်းကမ်းတွေ မှန်ကန်စွာအကောင်အထည် ဖော်နိုင်ရေးအတွက် လွှတ်တော်ကော်မတီတစ်ရပ်ရပ် သို့မဟုတ် အမှုစစ်တာဝန်ရှိသူများကို တာဝန် ပေးထားရပါလိမ့်မယ်။ ယူကေကဲ့သို့ နိုင်ငံတွေမှာတော့ တစ်နှစ်တာ ကာလပတ်လုံး အစိုးရ အာဏာပိုင်များ မှ အော်ပရေတာများထံ တယ်လီဖုန်း ဆက်သွယ်မှုများ ကြားဖြတ်နားထောင်ခွင့် တောင်းဆိုမှုဖြစ်စဉ်တွေရဲ့ နှစ်ပတ်လည်အစီရင်ခံစာများကို ထုတ်ပြန်လေ့ရှိပါတယ်။
ကြားဖြတ်နားထောင်ခြင်း စည်းမျဉ်းများ၊ စံညွှန်းများထားရှိခြင်းစတာတွေဟာ ရှုပ်ထွေးတဲ့ ကိစ္စရပ်တွေပါ။ အခုဆိုရင် နိုင်ငံတကာ စံညွှန်းများနဲ့ ကိုက်ညီဖို့အတွက် အစိုးရဟာ ဥပဒေအရ တယ်လီဖုန်းဆက်သွယ်မှု ကြားဖြတ်နားထောင်ခြင်း ထိန်းကွပ်ရေး စည်းမျဉ်းမူကြမ်းအတွက် ဥရောပသမဂ္ဂကို အကူအညီတောင်းခံ ထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုအဖွဲ့အစည်းများများအနေနဲ့လည်း မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာတဲ့ ဆွေးနွေးမှုတွေမှတဆင့် မူကြမ်းရေးဆွဲမှုများနှင့် မူဝါဒချမှတ်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ အကြံပေးမှုမျိုးတွေ အနှေးနဲ့အမြန်ရရှိတာကိုတွေ့မြင်ရဖို့ကို စိတ်အား ထက်သန်နေကြ ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်းဟာ အလျင်အမြန်ဖြစ်ထွန်းလာနေတာ ဖြစ်တဲ့အတွက် ရှင်းလင်းပြီး အခွင့်အရေးများကို အလေးထားတဲ့ စည်းမျဉ်းများ ပေါ်ထွန်းလာဖို့က တစ်နေ့ထက်တစ်နေ့ အရေးကြီးလို့ လာနေပါတော့တယ်။
လူစီပါဒါန်သည် လန်ဒန်အခြေစိုက် Institute of Human Rights and Business (IHRB) ၏ အိုင်စီတီ စီမံကိန်းမန်နေဂျာ အဖြစ်လုပ်ကိုင်လျက်ရှိသူဖြစ်သည်။ IHRB သည် မြန်မာ့စီးပွားရေးဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Center for Responsible Business) နှင့် အတူ ၂၀၁၅ တွင် ဖြန့်ချီ နိုင်မည့် အိုင်စီတီဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာကို ပြုစုလျက်ရှိပါသည်။