Myanmar Centre for Responsible Business
Myanmar Centre for Responsible Business

မြန်မာကုမ္ပဏီများအတွက် ရည်ရွယ်ကျင်းပသည့် စီးပွားရေးနှင့် လူ့အခွင့်အရေးများဆိုင်ရာ မူဝါဒ အလုပ်ရုံဆွေးနွေးပွဲ

ကုမ္ပဏီအသီးသီးတွင် သင့်လျော်သော လူ့အခွင့်အရေးများဆိုင်ရာ မူဝါဒတစ်ရပ် ဖော်ဆောင်နိုင်ရေး ပထမခြေလှမ်းအဖြစ် စီးပွားရေးနှင့်လူ့အခွင့်အရေးများဆိုင်ရာ အခြေခံအချက်များ နှင့်စပ်လျဉ်း၍ ဇူလိုင်လ ၁၅ရက်နေ့တွင် ကျင်းပသည့် နေ့တစ်ဝက်တာ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာကုမ္ပဏီများမှ အကြီးတန်းမန်နေဂျာများနှင့် အကြီးတန်း အရာရှိများတက်ရောက်နိုင်ရန် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် ကမ္ဘာ့ ကုလသမဂ္ဂဖွ့ဖြိုးမှုအစီအစဉ် (UNDP) တို့မှ ဖိတ်ကြားလျက်ရှိပါသည်။ တက်ရောက်လိုပါက အောက်ပါလင့်ခ်မှတဆင့် စာရင်းပေးသွင်းနိုင်ပါသည်။

ပိုမိုဖတ်ရှုလိုပါက

Doing Good Index (DGI) ၂၀၂၂ အစီရင်ခံစာ

အာရှ နိုင်ငံပေါင်း ၁၈ နိုင်ငံရှိ လှူဒါန်းမှုများနှင့် ပုဂ္ဂလိကကဏ္ဍ လူမှု‌ရေးရင်းနှီးမြှုပ်နှံမှုများအတွက် ဖြစ်နိုင်ခြေ ပတ်ဝန်းကျင်အပေါ်တွင် လေ့လာသည့် ၂၀၂၂ ခုနှစ် Doing Good Index အစီရင်ခံစာကို Centre for Asian Philanthropy and Society (CAPS)မှ ပြီးခဲ့သည့်လတွင် ထုတ်ပြန်ခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာတွင် “လုံလောက်စွာ ဆောင်ရွက်ခြင်းမရှိ - Not Doing Enough” မှ “ဆောင်ရွက်မှုအဆင်ပြေလာသည် - Doing OK” သို့ အဆင့်တက်လှမ်းနိုင်ခဲ့သော်လည်း လက်ရှိနိုင်ငံရေး အခြေအနေများကြောင့် ၂၀၂၂ ခုနှစ်အစီရင်ခံစာ အတွက် စစ်တမ်းကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့ပါ။ ယင်းအစား MCRB နှင့် Yever တို့မှ ကျွမ်းကျင်ပညာရှင်များ နှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်နေသော အဖွဲ့(SDOs) ၂၀ ကျော်နှင့် ချိတ်ဆက်ကာ ကိုဗစ်နှင့် နိုင်ငံရေးအခြေအနေများကြောင့် မြန်မာ့လူမှုရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်း၍ ၎င်းတို့၏  အတွေးအမြင်များကို ရယူခဲ့ပါသည်။

အထည်ချုပ်ကဏ္ဍတွင် တွေ့ဆုံဆွေးနွေးမှုကို မြှင့်တင်ခြင်း

ဇွန်လ ၂၇ ရက်နေ့တွင် MCRB၊ SMART နှင့် Eurocham တို့ပူးပေါင်း၍ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်များ၊  အလုပ်သမား အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ နှင့် မြန်မာနိုင်ငံမှ မှာယူလျက်ရှိသော နိုင်ငံတကာ အထည်ချုပ် ကုန်အမှတ်တံဆိပ်များ အကြား တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ ပါဝင်တက်ရောက်သူပေါင်း ၅၀ ကျော်ရှိခဲ့ပါသည်။ မေလမှ စတင်ကာ နိုင်ငံတကာ အထည်ချုပ် ကုန်အမှတ်တံဆိပ်များနှင့် အကြိုဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး မတ်လနှင့် ဧပြီလတို့တွင် အလုပ်သမားအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှု၏ ရည်ရွယ်ချက်မှာ အထည်ချုပ်ကုန်အမှတ်တံဆိပ်များ အတွက် ချုပ်လုပ်နေသော အထည်ချုပ်စက်ရုံများ တွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို  ကာကွယ်ရန်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခြင်းကို မြှင့်တင်ရန်နှင့် တိုင်ကြားမှုယန္တရားများနှင့် ပြန်လည်ကုစားပေးမှုများကို လက်လှမ်းမီစေရန် ဖြစ်ပါသည်။ ယခုတွေ့ဆုံဆွေးနွေးမှုများကို ၃ လ တစ်ကြိမ် ကျင်းပသွားမည်ဖြစ်ပြီး နှစ်ဘက်စိတ်ဝင်စားမည့် တိုင်ကြားမှုများကို ကိုင်တွယ်ဖြေရှင်းခြင်း ကဲ့သို့သော ကိစ္စရပ်များနှင့်ပတ်သက်သည့် အသေးစိတ်ဆွေးနွေးမှုများကိုလည်း ဖြည့်စွက်လုပ်ဆောင်သွားမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက ဒေါ်သီသီသိမ်း ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေခြင်း

မသန်စွမ်းသူများ ပါဝင်သော သို့မဟုတ် ဦးဆောင်လျက်ရှိသော စီးပွားရေးလုပ်ငန်းငယ်များပါဝင်သည့် တတိယအကြိမ်မြောက် ဆွေးနွေးပွဲကို ဇွန်လ ၂၄ ရက်နေ့တွင် MCRB၊ ရွှေမင်းသားဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI) အဖွဲ့တို့ပူးပေါင်း၍ ကျင်းပခဲ့ပါသည်။ အသေးစားငွေချေးလုပ်ငန်းများ အပါအဝင် တက်ရောက်သူ ၇၀ ခန့်ရှိပြီး “လက်တွေ့ကျ၍ ဂုဏ်သိက္ခာရှိသော အလုပ်အကိုင်အခွင့်အလမ်းများ” ခေါင်စဥ်ဖြင့်ဆွေးနွေးခဲ့ကြပါသည်။ လက်သင်္ကေတပြဘာသာပြန်ခြင်းနှင့် စာတမ်းထိုးပေးခြင်းများကိုလည်း ဆွေးနွေးပွဲတွင် စီစဉ်ထားရှိခဲ့ပြီး လာမည့်ဆွေးနွေးပွဲကို ဩဂုတ်လနှောင်းပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပါသည်။အသေးစိတ် သိရှိလိုပါက ဦးမြင့်နိုင်ကျော်ထံသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ ဒစ်ဂျစ်တယ်အခွင့်အရေးများဆိုင်ရာ ကိစ္စရပ် တစ်ခုအဖြစ်ထည့်သွင်းတင်ပြခြင်း

MCRB ၏ ဒစ်ဂျစ်တယ်ပရိုဂရမ်ဦိးဆောင်သူတစ်ဦး ဖြစ်သည့် Svetlana Zens သည် မြန်မာနိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်း နှင့်ပတ်သက်၍ ဆွေးနွေးပွဲတစ်ခုကို ဇွန်လတွင်ကျင်းပသည့် ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့ရှိ အိုင်စီတီ တွေ့ဆုံပွဲ တစ်ခုတွင် ထည့်သွင်းဆွေးနွေးခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ဆိုက်ဘာရာဇဝတ်မှုဥပဒေမူကြမ်း နှင့် နှိုင်းယှဉ်ကာ သုံးသပ်ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် မဲခေါင်မြစ်ဝှမ်းဒေသ ဒစ်ဂျစ်တယ်ကဏ္ဍ ဆွေးနွေးပွဲများတွင်လည်းပါဝင်ခဲ့သည်။ MCRB အနေနှင့်  ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNOHCR) မှထုတ်ပြန်သည့်  ဒစ်ဂျစ်တယ်ခေတ် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့် နှင့်ပတ်သက်သည့် အစီရင်ခံစာတွင်လည်း ဝင်ရောက် အကြံပြု ခဲ့ပြီးဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လုံခြုံရေးဝန်ထမ်းများနေ့ (ဇူလိုင်လ ၂၄ ရက်နေ့)

ဇူလိုင်လ ၂၄ ရက်နေ့ ၂၀၂၂ ခုနှစ်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ လုံခြုံရေးဝန်ထမ်းများနေ့တွင် ဘဏ်များ၊ ဈေးဝယ်စင်တာများ၊ စက်ရုံအလုပ်ရုံများနှင့် ဆေးရုံများတွင် ကျရာကဏ္ဍမှ အချိန်ပြည့် လုံခြုံရေးတာဝန်ယူကာ စောင့်ရှောက်ပေးလျက်ရှိသော လုံခြုံရေးဝန်ထမ်းများကို အသိအမှတ်ပြု၊ ကျေးဇူးတင်နိုင်ရန် အခွင့်အလမ်းဖြစ်ပါသည်။ MCRB အနေနှင့် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများနှင့်ပတ်သက်၍ အခြေခံလေ့လာချက်၊ လူ့အခွင့်အရေးဆိုင်ရာအန္တရာယ်များ လေ့လာဆန်းစစ်ခြင်းနှင့် အကြံပြုချက်များ အစီရင်ခံစာကို မကြာသေးမီက ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ၎င်းအစီရင်ခံစာတွင် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများနှင့် ရုံးတွင်းလုံခြုံရေး ထားရှိသော ကုမ္ပဏီများအနေနှင့် အလုပ်သမားများ၊ လုံခြုံရေးဝန်ဆောင်မှု ငှားရမ်းသူများ နှင့် လူ့အဖွဲ့အစည်း၏ အခွင့်အရေးများကို မည်ကဲ့သို့ လေးစားတန်ဖိုးထားသင့်ကြောင်း အကြံပြုဆွေးနွေးချက်များ ပါဝင်သည်။ အစီရင်ခံစာကို အင်္ဂလိပ်၊မြန်မာ၊တရုတ် ဘာသာများဖြင့် ရယူဖတ်ရှုနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက ဒေါ်ခင်မို့မို့မြင့် ထံသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

facebook linkedin