MCRB ထံမှ သတင်းစကား

တပ်မတော်မှ အာဏာသိမ်းမှု ၁နှစ် ကြာပြီးသည့်နောက် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB) အနေနှင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်များ တာဝန်ခံမှုရှိရှိနှင့်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် တတ်အားသရွေ့ ဆက်လက် ပံ့ပိုးကူညီလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လွန်ခဲ့သော ဆယ်စုနှစ်တာကာလတွင် ပေါက်မြောက်အောင်မြင်ခဲ့ပြီးဖြစ်သော ရလဒ်ကောင်းများနှင့် အပြောင်းအလဲများကို ကာကွယ်ထိန်းသိမ်းသွားကာ မြန်မာပြည်သူပြည်သားများ၏ နေ့စဉ်လူမှုစီးပွားဘဝပေါ်တွင် အကျိုးရလဒ်ကောင်းများ ဆက်လက်ဆောင်ကြဉ်းပေးနိုင်သည့် တာဝန်ခံမှုရှိသော ပုဂ္ဂလိစီးပွားရေးကဏ္ဍတစ်ရပ် တည်တံ့နေစေရန် ဖြစ်သည်။

လွန်ခဲ့သောတစ်နှစ်တာကာလတွင် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများကြိုတင် သိရှိနိုင်ရန် ပိုမိုတိုးမြှင့် လေ့လာစိစစ်ခြင်း လုပ်ဆောင်ပုံ၊ အထူးသဖြင့် အလုပ်သမားများ၊ ဝယ်ယူစားသုံးသူ/ဝန်ဆောင်မှုယူသူများ နှင့် အခြားပါဝင်ပတ်သက်နေသူများ ၏ ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ လမ်းညွှန်အကြံပြုမှုများကို တစ်ဦးချင်းတစ်ဖွဲ့ချင်းစီသာမက အစုအဖွဲ့အလိုက်ပါ ကျွန်ုပ်တို့ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ယခုရက်သတ္တပတ်တွင်ပင် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများကဏ္ဍအကြောင်း နှင့် ၎င်းကုမ္ပဏီများမှ စီမံခန့်ခွဲကိုင်တွယ်ရသည့် လူ့အခွင့်အရေးဆိုင်ရာ အန္တရာယ်အခက်အခဲများ အကြောင်းကို ဆန်းစစ်လေ့လာထားသည့် ပထမဦးဆုံးသော စာတမ်းကိုထုတ်‌ဝေခဲ့ပြီးဖြစ်သည်။ ၎င်းစာတမ်း ကို ၂၀၁၈ ခုနှစ်ကတည်းက MCRB မှ အထွေထွေစီမံခန့်ခွဲမှုများကို တာဝန်ယူဆောင်ရွက်ပေးနေသည့် ဆန္ဒအလျောက် လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများအဖွဲ့ (VPSHR) ၏ ပြည်တွင်းအကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ (ICWG) ထံမှ ‌မေတ္တာရပ်ခံမှုဖြင့် ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ဆန္ဒအလျောက် လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများ (VPSHR)အဖွဲ့ဝင်များဖြစ်သည့် Total, Chevron နှင့် Woodside တို့၏ မြန်မာနိုင်ငံမှရုတ်သိမ်းကြောင်း မကြာမီကထုတ်ပြန်သည့် ကြေညာချက်များပြီးနောက် ပြည်တွင်းအကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ (ICWG) ကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်ကျင်းပသည့် အဖွဲ့၏နောက်ဆုံးအစည်းအဝေး တွင် ဖျက်သိမ်းခဲ့သည်။ သို့သော်လည်း MCRB အနေဖြင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့်ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်း၍ တွင်းထွက်သယံဇာတကဏ္ဍ (extractives)သာမက၊ ပါဝင်ပတ်သက်ဆက်နွယ်နေသည့် အရပ်ဘက်လူ့အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်များအပြင် အခြား စီးပွားရေး၊လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကိုပါ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများကဏ္ဍ သာမကပဲ ၎င်းတို့၏ ဝန်ဆောင်မှုကို ငှားရမ်းသုံးစွဲသူဖောက်သည်များ၊ ကုန်ထုတ်လုပ်ငန်းလုပ်ဆောင်ရာအလုပ်ရုံစက်ရုံများ၊ ‌ဈေးဝယ်စင်တာ ကုန်တိုက်များ နှင့် ဘဏ်လုပ်ငန်း ကဏ္ဍတို့ကိုပါ ထည့်သွင်းဆောင်ရွက် သွားမည်ဖြစ်သည်။

ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ ကဏ္ဍအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော လုံခြုံရေး ကင်မရာ (CCTV) လမ်းညွှန် အပါအဝင် ၎င်းကုမ္ပဏီများ၏ လုံခြုံရေးအစီအမံများသည် လူ့အခွင့်အရေးကိုလေးစားလိုက်နာမှု ရှိစေရန် မည်သို့ဆောင်ရွက်ရမည်ကိုပါ ထည့်သွင်းရေးသားထားသည်။ ၎င်း အစီရင်ခံစာမှာ MCRB မှ ၂၀၁၄ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့သော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဥပဒေမူကြမ်း ဆွေးနွေးမှုတွင် အက္ခရာကျသည့် ကိစ္စတစ်ခုဖြစ်သည့် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့် (Right to Privacy) ကို မှီငြမ်း ကိုးကားထားခြင်းဖြစ်သည်။ MCRB အနေနှင့် ဇန်နဝါရီလ ၂၀၂၂ ခုနှစ်တွင်ထုတ်ပြန်သည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဥပဒေမူကြမ်းနှင့်ပတ်သက်၍လည်း စီးပွားရေးလုပ်ငန်းများ အပါအဝင် အစိုးရမဟုတ်သောအဖွဲ့အစည်းများ ၏ ဆန်းစစ်လေ့လာသုံးသပ်မှုများကိုပါ ပေါင်းစပ်ကာ တတ်အားသရွေ့အနီးကပ် လေ့လာဆန်းစစ်သွားမည် ဖြစ်သည်။

၂၀၁၅ ခုနစ် ကဏ္ဍအလိုက်ဆန်းစစ်လေ့လာမှု တွင် ကျွန်ုပ်တို့ တွေ့ရှိခဲ့သည့် အခွင့်အရေးကို အကာအကွယ်ပေးသော ဆက်သွယ်ရေး ဥပဒေမူဘောင်မရှိခြင်း အချက်သည် မြန်မာနိုင်ငံမှ တယ်လီနော ကုမ္ပဏီ ပိတ်သိမ်း ထွက်ခွာခြင်း၏ အဓိကအကြောင်းအချက် တစ်ခုဖြစ်သည်။ ပိတ်သိမ်း ထွက်ခွာရန် ဆုံးဖြတ်သည့် ကုမ္ပဏီတစ်ခုစီသည် အရှုံးအမြတ်၊လုပ်ငန်းလည်ပတ်မှု၊ တရား ဥပဒေကြောင်းအရ သို့မဟုတ် ပါဝင်ပတ်သက်ဆက်နွယ်နေသူများ၏ ဖိအား စသည့် အကြောင်းတစ်စုံတစ်ရာ အခြေအနေတစ်စုံတစ်ခုကြောင့် ထိုသို့ ဆုံးဖြတ်ခြင်းဖြစ်သည်။ ပိတ်သိမ်းထွက်ခွာရာတွင် တာဝန်ခံမှုရှိရှိနှင့် ထွက်ခွာရန်လိုအပ်သည်ကို ကျွန်ုပ်တို့၏ ပူးတွဲတည်ထောင်သူ အဖွဲ့အစည်းဖြစ်သည့် Institute for Human Rights and Business (IHRB) မှလည်း မကြာသေးခင်က ရေးသားထုတ်ပြန်ထားသည်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD)၊ ဥရောပကုန်သည်ကြီးများအသင်းတို့နှင့်အတူ လတ်တလောကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင်လည်း တာဝန်ခံမှုရှိရှိနှင့် ဆုတ်ခွာရုတ်သိမ်းခြင်း (Responsible Disengagement) အကြောင်းကို ဆွေးနွေးခဲ့သည်။

အလားတူစွာပင် လုပ်ငန်းဆက်လက်လုပ်ကိုင် ဆောင်ရွက်နေသည့် မြန်မာနှင့် အခြားနိုင်ငံခြားကုမ္ပဏီများသည် လည်း တာဝန်ခံမှုရှိရှိနှင့် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သည်။၎င်းတို့အနေနှင့် မြို့ပြဒေသများအပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင်ကျရောက်လာနိုင်သော ပဋိပက္ခများကိုထည့်သွင်းတွက်ဆ၍ မိမိတို့၏ စီးပွားရေးလုပ်ငန်းများကြောင့် ဖြစ်နိုင်ခြေရှိသော သက်ရောက်မှုများအား ပိုမိုတိုးမြှင့် လေ့လာစိစစ်ခြင်းကို (heightened due diligence) အဆက်မပြတ် လုပ်ဆောင်သင့်ပါသည်။ ထိုသို့ လုပ်ဆောင်ရာတွင်အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် မည်ကဲ့သို့ဆောင်ရွက်ရမည်ကို ဖေဖော်ဝါရီလ ၂၁ ရက် (တနင်္လာနေ့)တွင် MCRB နှင့် ဥရောပကုန်သည်ကြီးများအသင်းတို့ ပူးပေါင်း၍ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) ၏ အထည်နှင့် ဖိနပ်ချုပ်လုပ်ငန်းညီလာခံ အဝန်းအဝိုင်းအတွင်းမှ ဆွေးပွဲတစ်ခု ကျင်းပသွားမည်ဖြစ်သည် (တက်ရောက်လိုပါက အမည်စာရင်းသွင်းရန်)။ MCRB သည် ဥရောပကုန်သည်ကြီးများအသင်းမှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အထည်ချုပ်လုပ်ငန်းကဏ္ဍ အချက်အလက်စာစောင် (Eurocham Garment Sector Factsheet) နှင့် မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့်အချက်အလက်များပါဝင်သည့် အဝတ်အထည်ကဏ္ဍပွင့်လင်းမြင်သာမှုစာရင်းစု (Open Apparel Registry)တို့တွင်လည်း ကူညီပံ့ပိုးပေးခဲ့သည်။ လက်ရှိတွင် အထည်ချုပ်လုပ်ငန်းကဏ္ဍ အခြေအနေတိုးတက်ကောင်းမွန်လာရေးနှင့် အခွင့်အရေးချိုးဖောက်မှုများကို ကုစားပေးနိုင်ရန် ရည်ရွယ်၍ အထည်ချုပ်ကုန်အမှတ်တံဆိပ်ကုမ္ပဏီကြီးများနှင့် အလုပ်သမားအခွင့်အရေးဆောင်ရွက်နေသည့် အစုအဖွဲ့များအကြားတွင် ချိတ်ဆက်လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိသည်။

Report on Private Security Companies in Myanmar

ပွင့်သစ်စ စီမံချက် စာတမ်း

ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုတိုးမြင့်လာစေရန် ရည်မှန်းချက်မှာ ကျွန်ုပ်တို့၏ ဦးစားပေးလုပ်ငန်းတစ်ရပ်အနေနှင့် ဆက်လက်တည်ရှိနေသည်။ ပွင့်လင်းမြင်သာမှုသည်သာ စီးပွားရေးလုပ်ငန်းများရှိ မလိုလားအပ်သည့်ဆိုးကျိုးများနှင့် ကောလဟာလ များကိုဟန့်တားနိုင်မှာဖြစ်ပြီး ပါဝင်ပတ်သက်နေသူများအကြား ညှိနှိုင်းဆွေးနွေးချိတ်ဆက်ဆောင်ရွက်မှုနှင့် သတင်းမီဒီယာမှ သတင်းရေးသားမှုများအပေါ် အဆင့်မြှင့်တင်နိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့နှင့် အခမဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Yever အဖွဲ့နှင့် လုပ်ဆောင်နေသော မြန်မာနိုင်ငံရှိ စီးပွားရေးအဖွဲ့အစည်းများ၏ပွင့်လင်းမြင်သာမှုအပေါ် အကဲဖြတ်အမှတ်ပေးသည့် သတ္တမမြောက် ပွင့်သစ်စ အစီရင်ခံစာ မှာလည်း ခရီးတစ်ဝက်ရောက်နှင့်နေပြီဖြစ်သည်။ ၂၇၀ ကျော်သော မြန်မာကုမ္ပဏီများ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ ထုတ်ဖော်မှုများကို အကဲဖြတ်နေပြီဖြစ်သည်။ ပထမအကြိမ်အကဲဖြတ်ပြီးနောက် ထွက်ပေါ်လာသောရမှတ်များကိုလည်း ပေးပို့ပြီးဖြစ်ရာ ၎င်းကုမ္ပဏီများ၏ ဝက်ဘ်ဆိုဒ်များပေါ်ရှိ အချက်အလက်များကို မေလအထိ ပြင်ဆင်ဖြည့်စွက်သွားနိုင်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်ကျင်းပခဲ့သည့် ဆွေးနွေးပွဲကိုလည်း ကုမ္ပဏီပေါင်း ၄၀ ဝန်းကျင် တက်ရောက်ခဲ့ပြီး MCRB နှင့် Yever တို့မှ ပွင့်လင်းမြင်သာမှုနှင့် ထုတ်ဖော်မှုများနှင့်စပ်လျဉ်း၍ ရမှတ်များတိုးမြင့်လာအောင်မည်သို့ဆောင်ရွက်ရမည်ကိုလည်း ကုမ္ပဏီတစ်ခုချင်းစီ အကြံပြုဆွေးနွေးပေးလျက်ရှိသည်။

 

TRIM-Map

ပွင့်လင်းမြင်သာမှု စီမံကိန်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသောရင်းနှီးမြှုပ်နှံမှုများဆီသို့ဦးတည်သည့် အချက်အလက်ပြမြေပုံ (TRIM Map)ကိုလည်း Yever နှင့်အတူပူးပေါင်း၍ စတင်လုပ်ဆောင် နေပြီဖြစ်သည်။ ပါဝင်ပတ်သက်ဆက်နွယ်နေသူများ အနေနှင့် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရာတွင် တည်နေရာ၊ သဘာဝပတ်ဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲ၊ လူမှုရေးနှင့် ပဋိပက္ခဆိုင်ရာ အချက်အလက် များကို ဝင်ရောက်ကြည့်ရှုနိုင်မည့် အွန်လိုင်းမြေပုံစနစ်တစ်ခုကို ဖန်တီးဖော်ဆောင် သွားရန်ရည်ရွယ်သည်။ ယင်းရှေ့ပြေးစီမံကိန်းကို အချက်အလက် အများအပြားရှိနှင့်ပြီးဖြစ်သော တနင်္သာရီတိုင်းဒေသကြီးတွင် အဓိကထားလုပ်ဆောင်သွားမည်ဖြစ်သည်။ TRIM Map စီမံကိန်းသည် မြန်မာနိုင်ငံအပေါ်သက်ရောက်လျက်ရှိသော သဘာဝပတ်ဝန်းကျင် ဆိုင်ရာဖိအားများကို အခြားမြေပုံရင်းမြစ်များဖြစ်သည့် သဘာဝအရင်းအမြစ်များ တူးဖော်အမြတ်ထုတ်မှုကို အများပူးပေါင်းပါဝင်မှုဖြင့် မှတ်တမ်းတင် လျက်ရှိသော ရုက္ခစိုး စီမံကိန်း၊ မြန်မာ့ ကမ်းရိုးတန်းဒေသများတွင် ရာသီဥတုပြောင်းလဲမှုကြောင့် အနာဂတ်တွင် ဆိုးဆိုးရွားရွား သက်ရောက်လာနိုင်မှုနှင့် ပတ်သက်၍တင်ပြသည့် ရာသီဥတုဗဟိုချက် (Climate Central)တို့နှင့်အတူ အားဖြည့်ကာ မီးမောင်းထိုးပြသွားရန် ရည်ရွယ်ပါသည်။

 

Other Activities

အခြားတစ်ဘက်တွင်လည်း လုပ်ငန်းတွင်း တန်းတူညီမျှမှုမြှင့်တင်‌ရေး၊ အထူးသဖြင့် မသန်စွမ်းသူများ၏အခွင့်အရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။ မကြာသေးမီကပင် ကျွန်ုပ်တို့အနေနှင့် ကျားမတန်းတူမှုရှိရေး မြန်မာ့စီးပွားရေး လုပ်ငန်းများညွန့်ပေါင်းအဖွဲ့နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပြီး ကျားမတန်းတူမှုကိုအစဉ်တစိုက် အလေးထားသည့် အခြားကုမ္ပဏီများ ကိုလည်း  အဆိုပါညွန့်ပေါင်းအဖွဲ့တွင် ပူးပေါင်းပါဝင်ကြရန်တိုက်တွန်း နှိုးဆော်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် စီးပွားရေးအသင်းအဖွဲ့များအပြင် စီးပွားရေးနှင့်စီမံခန့်ခွဲမှု ပညာရပ်များသင်ကြားပို့ချပေးနေသော သင်တန်းကျောင်းများနှင့်ပူးပေါင်း၍လည်း (ဥပမာ ဒီဇင်ဘာလတွင် ABE Myanmar နှင့်ပူးပေါင်းကျင်းပခဲ့သည့် ဆွေးနွေးပွဲကဲ့သို့) တာဝန်ယူမှုတာဝန်ခံမှုရှိသော စီးပွားရေးဆိုင်ရာဆွေးနွေးပို့ချမှုများကို တက်တက်ကြွကြွ လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးသတင်းလွှာထုတ်ပြန်ပြီး လွန်ခဲ့သော ၈လတာကာလတွင် လုပ်ဖော်ကိုင်ဘက်များထဲမှ Inga Makusheva သည် Exera ကုမ္ပဏီ၏ Head of Research and Analytics ရာထူးဖြင့်ပြောင်းရွှေ့ခဲ့ပြီး ကိုဝင်းမင်းမှာ Chiang Mai University School of Public Policy သို့ပြောင်းရွှေ့ခဲ့ပါသည်။ စက်တင်ဘာလတွင် Senior Associate ရာထူးဖြင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ကိုဘုန်းမြင့်သူနှင့် Associate ရာထူးဖြင့် ပွင့်သစ်စနှင့် အခြားကိစ္စများတွင် တာဝန်ယူဆောင်ရွက်နိုင်ရန် မယွန်းသီရီထွေးတို့ကို ခန့်အပ်ခဲ့ပါသည်။ ဇန်နဝါရီလတွင် Programme and Communications Manager ရာထူးဖြင့် David Lee ကိုလည်း ခန့်အပ်နိုင်ခဲ့ပါသည်။

နောက်ဆုံးအနေနှင့် ၂၀၁၃ ခုနှစ်ကပင် MCRB ၏ ကြိုးပမ်းဆောင်ရွက်မှုများကို လမ်းညွှန်ပြသမှုများပေးခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ စီးပွားရေးနှင့်လူ့အခွင့်အရေးများဆိုင်ရာ လမ်းညွှန်အခြေခံမူများကို ဦးဆောင်ရေးသားခဲ့သော ပါမောက္ခ John Ruggie သည် စက်တင်ဘာလတွင် ကွယ်လွန်ခဲ့သည့်အတွက်လည်း ကျွန်ုပ်တို့ ဝမ်းနည်းကြေကွဲမိပါသည်။ IHRB မှ လုပ်ဖော်ကိုင်ဘက်တစ်ဦးဖြစ်သည့် Salil Tripathi ၏ ပါမောက္ခ John Ruggie  အကြောင်း မှတ်တမ်းတင် ဂုဏ်ပြုဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

ဘေးဘယာကင်းကွာကြစေကြောင်းနဲ့ ဆက်သွယ်မြဲဆက်သွယ်ကြဖို့လည်း မျှော်လင့်ပါတယ်။

ဗစ်ကီ ဘိုမန်
ဒါရိုက်တာ
မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန